ရန်ကုန် ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံ ရောဂါဗေဒ ဆေးပညာလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီရောဂါရှာဖွေရေး နည်းပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ “(၁၃)ကြိမ်မြောက် မြန်မာနိုင်ငံ ရောဂါဗေဒဆရာဝန် များအဖွဲ့ညီလာခံ” (13th Myanmar Pathology Conference) ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် Wyndham Grand Hotel (ရန်ကုန်) ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရောဂါဗေဒဆရာဝန်များအဖွဲ့ နာယကများနှင့် ဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၊ သင်ကြားရေးဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ရောဂါဗေဒဌာန အငြိမ်းစား ဆရာ ဆရာမကြီးများ၊ အထူး ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ဘွဲ့ကြို/ဘွဲ့လွန် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနား စတင်ဖွင့်လှစ် ကြောင်းကြေညာ၍ တက်ရောက် လာကြသူများက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ညီလာခံကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက မြန်မာနိုင်ငံ ရောဂါဗေဒအဖွဲ့အစည်း (Society)ကို ၁၉၉၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းအနေဖြင့် နှစ်ပတ်လည်အစည်း အဝေးများကျင်းပခြင်း၊ စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေး (CME) အစီအစဉ်များ ဖော်ဆောင်ခြင်းနှင့် နိုင်ငံတကာရောဂါဗေဒ အသိုင်းအဝိုင်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများကို တစိုက် မတ်မတ် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ဆေးပညာသမိုင်း တစ်လျှောက် ရောဂါရှာဖွေမှုပုံစံ များသည် Hippocrates ခေတ်၏ Gross Observation မှတစ်ဆင့် ရင်ခွဲစစ်ဆေးခြင်း (Autopsy) နှင့် Virchow ၏ ဆဲလ်အခြေခံရောဂါ ဗေဒ (Cellular Pathology) အယူအဆများအထိ အဆင့်ဆင့် ပြောင်းလဲလာပြီး ၁၇ ရာစုတွင် Light Microscopy မှသည် ၁၉ ရာစုတွင် Electron Microscopy အထိ နည်းပညာများ တိုးတက် ထွန်းကားလာခဲ့ကြောင်း၊ ယခု အခါ ရောဂါဗေဒဘာသာရပ်သည် Precision Medicine (တိကျ ဆေးပညာ)ဆီသို့ ဦးတည်နေပြီ ဖြစ်ရာ Digital Pathology၊ Molecular level အထိ ရောဂါ ရှာဖွေခြင်း (Genomic, PCR, Next- generation sequencing)နှင့် AI အကူအညီဖြင့် ဓာတ်ခွဲခန်းလုပ်ငန်း စဉ်များကို အလိုအလျောက်စနစ် (Automation) သုံး၍ ဆောင်ရွက် ခြင်းများအပြင် 3D၊ EM နှင့် Immuno- histochemistry ကဲ့သို့ သော အဆင့်မြင့်နည်းပညာများကိုပါ အသုံးပြုလာနိုင်ပြီဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့် ထိန်းကျောင်းခြင်း ဆိုင်ရာ စိန်ခေါ်မှုများရှိလာပြီ ဖြစ်ကြောင်း၊ မျိုးဆက်သစ်ဆရာဝန်များ ရောဂါဗေဒပညာရပ်ကို ပိုမို စိတ်ဝင်စားလာစေရန်၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင် ရောဂါဗေဒ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် အရည်အသွေးရှိသော ရောဂါရှာဖွေမှုမှတစ်ဆင့် လူနာများအတွက် အကောင်းဆုံးကုသမှုများ ပေးအပ်နိုင်ရန် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံရောဂါ ဗေဒဆရာဝန်များအဖွဲ့ ဥက္ကဋ္ဌ ဆေးတက္ကသိုလ်(၁) ရန်ကုန် ရောဂါ ဗေဒဌာန ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာညိုမီမေသင် က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ခင်းကျင်းပြသ ထားသော ရောဂါဗေဒဆိုင်ရာ ပိုစတာများနှင့် ဆေးဘက်ဆိုင်ရာ ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု အားပေးသည်။ အဆိုပါညီလာခံတွင် အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ ပညာရှင်များကလည်း ပါဝင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


