ရန်ကုန် ဖေဖော်ဝါရီ ၂၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ရုံးချုပ်၊ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်တံတားမြို့နယ် ဝဇီယာရုပ်ရှင်ရုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် မလွတ်ကင်းသည့် ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ဒလမြို့နယ် ဒလ-တွံတေးလမ်းမနှင့် ဒလ-ဓနုတ် လမ်းမတစ်လျှောက် လမ်းလယ်ကျွန်းမီးတိုင်များ စိုက်ထူခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ဝဇီရာရုပ်ရှင်ရုံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိစဉ် လုပ်ငန်းနှင့် မလွတ်ကင်း၍ ပြောင်းရွှေ့ရမည့် ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းတိုင်များ၊ မြေအောက်ဓာတ်အားလိုင်း တူးဖော်နေမှု အခြေအနေများ၊ အဆင့်မြင့်ဝဇီယာရုပ်ရှင်ရုံအတွက် ၅၀၀ ကေဗွီအေထရန်စဖော်မာ တပ်ဆင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြန်မာ-ကိုရီးယားချစ်ကြည် ရေး(ဒလ)တံတား အဆင်းနေရာရှိ ဒလ-တွံတေးလမ်းမနှင့် ဒလ-ဓနုတ်လမ်းမတစ်လျှောက် လမ်းလယ်ကျွန်းမီးတိုင်များ စိုက်ထူရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းသုံးပစ္စည်းများ လေလွင့်ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး စနစ်တကျဆောင်ရွက်ရန် အသေးစိတ်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်ဆောင်(YESC)


