ပုသိမ် ဖေဖော်ဝါရီ ၂၃

 

ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ တက်ရောက်ကြသည်။

 

အမှာစကားပြောကြား

ထို့နောက် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကတောင်သူ လယ်သမားနေ့အခမ်းအနားကို တစ်နှစ်ထက်တစ်နှစ် ပိုမိုအနှစ်သာရရှိစွာဖြင့် ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၂) ဖြစ်သည့် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေးအရ စိုက်ပျိုးမွေးမြူရေးအခြေခံကုန်ကြမ်းမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်စဉ်နှစ်တိုင်း တောင်သူလယ်သမားနေ့အခမ်းအနားတွင် ဆွေးနွေးပွဲများ ပြုလုပ်၍ ဆွေးနွေးပွဲမှရရှိလာသည့် ရလဒ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုအတွက် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားနေ့နှင့်ပတ်သက်၍ တောင်သူများအတွက် အသိပညာပေးပြခန်းများ၊ သုတေသနလုပ်ငန်းများ၊ ပြကွင်းပြကွက်များ၊ ပီလောပီနံ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစု တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုပါ ထည့်သွင်းပြသရန် လိုကြောင်း၊ တိုင်းဒေသကြီးမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ စုံစုံလင်လင်ပြသနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား ကျင်းပရာတွင် အားနည်းချက်များနှင့် လစ်ဟာမှုများမရှိစေရေးအတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများကလည်း လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လုပ်ငန်းကော်မတီများအလိုက် မိမိတို့တာဝန်ယူဆောင်ရွက်မည့် ကဏ္ဍတစ်ခုချင်းစီကို ဆက်လက်ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)