ရန်ကုန် ဖေဖော်ဝါရီ ၂၃

 

(၃၁)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ ဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံ ဆွေးနွေးပွဲ (Pre-Conference Workshop)အဖြစ် “(၁၀)ကြိမ်မြောက် သက်မဲ့ခန္ဓာအသုံးပြု ခွဲစိတ်လေ့ကျင့်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာအသုံးပြု ခွဲစိတ်လေ့ကျင့်ရေးဌာန၌ ကျင်းပသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့် ပါမောက္ခ/ဌာနမှူးများ၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်များမှ ပါမောက္ခ/ဌာနမှူးများ၊ အလုပ်ရုံဆွေးနွေးပွဲတွင်ပါဝင်မည့် သင်တန်းသားများနှင့် သက်မဲ့ဆရာများ၏ မိသားစုဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသားများက သက်မဲ့ခန္ဓာအလှူရှင်များအကြောင်း မိတ်ဆက်တင်ပြကြသည်။ ယင်းနောက် သင်ကြားရေးဌာနများမှ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဌာနမှူးများ၊ သင်တန်းသားများနှင့် သက်မဲ့ဆရာများ၏ မိသားစုဝင်များက သက်မဲ့ဆရာ(Silent Mentors)များအား ဂါရဝပြုအခမ်းအနား ဆက်လက်ပြုလုပ်ကြသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ဘွဲ့လွန်သင်တန်းသားများက မျက်စိရောဂါဆိုင်ရာ ခွဲစိတ်မှုများနှင့် ဘွဲ့ကြိုသင်တန်းသားများက အခြေခံခွဲစိတ်မှု နည်းလမ်းများကို အုပ်စုခွဲ၍ လက်တွေ့ခွဲစိတ်လေ့ကျင့်ခန်းများ ဆောင်ရွက်ကြသည်။

 

ဆွေးနွေးဆောင်ရွက်

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ (Pre-Conference Workshop) ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး မှန်ပြောင်းဖြင့် အစာအိမ်၊ အူလမ်းကြောင်း ခွဲစိတ်ကုသခြင်း၊ ပခုံးနှင့် လက်မောင်း အာရုံကြောများ ခွဲစိတ်ကုသခြင်း၊ ရင်ခေါင်းအား အပေါက်ဖောက်၍ အစာရေမျိုပြွန်အား ခွဲစိတ်ကုသခြင်း၊ ဆီးအိမ်ကို ဖယ်ထုတ်ပြီး ဆီးလမ်းကြောင်း လွှဲပြောင်းခွဲစိတ်ကုသခြင်း၊ ရင်သားခွဲစိတ်ကုသခြင်း၊ အသံအိုးကိုဖြတ်ထုတ်ခွဲစိတ်ကုသခြင်း၊ အလုပ်သင်ဆရာဝန်များအတွက် အရေးပေါ် ခွဲစိတ်ကုသမှုလေ့ကျင့်ခြင်း၊ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းများအတွက် ခန္ဓာဗေဒ လက်တွေ့လေ့လာခွဲစိတ်ခြင်း စသည့်ခေါင်းစဉ်များဖြင့် ခွဲစိတ်လေ့ကျင့်မှုများအား နေ့အလိုက်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်