ဖေဖော်ဝါရီ ၂၄
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန်ပြည်နယ်တွင် လူနာတင်လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်အမှုထမ်း နှစ်ဦးအပါအဝင် လေယာဉ်ပေါ်ပါရှိသူ ခုနစ်ဦးစလုံး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်သည် ဂျာခန်မြို့တော် ရန်ချီမြို့၏ မြောက်ဘက် ၁၁၁ ကီလိုမီတာခန့်အကွာ ချက်ထရာခရိုင်ရှိ ဆင်းမာရီယာအနီးတွင် ယမန်နေ့ညပိုင်းက ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုလေယာဉ်သည် ရန်ချီမှ မြို့တော် နယူးဒေလီသို့ ဦးတည်ပျံသန်းနေစဉ် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်းနှင့် နယူးဒေလီသို့ သွားရောက်ဆေးကုသမှုခံယူမည့်လူနာတစ်ဦးအတွက် စီစဉ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
လေယာဉ်ပျက်ကျမှုဖြစ်ပွားရအကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် လေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရိုအဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


