ဂျကာတာ ဖေဖော်ဝါရီ ၂၄
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းရာမှ ရေကြီးရေလျှံမှုဖြစ်ခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားသည်။ ဆာနာနှင့် ဒန်ပါဆာ ဒေသများတွင် ရေကြီးရေလျှံမှုဖြစ်ခဲ့သည်။ ဆာနာရှိ ဂျာလန်ဗူမီအယူဒေသနှင့် ဂျာလန်ကီဆာရီ ဒေသများအပါအဝင် ဒန်ပါဆာရှိ ဂျာလန်ဂူနန်အက်နာဒေသတွင် ရေအမြင့် ၁ ဒသမ ၅ မီတာ အထိ ရောက်ရှိခဲ့ပြီး ဒေသတွင်းခရီးသွားလုပ်ငန်းများကို အကျိုးသက်ရောက်မှုများရှိကြောင်း သိရသည်။ ပြည်ပခရီးသွားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် ရေနစ်သူများကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
လာမည့်ရက်များအတွင်း မိုးများရွာသွန်းနိုင်သဖြင့် သတိပြုနေထိုင်ကြရန် တာဝန်ရှိသူများက သတိပေးပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


