တောင်ကြီး ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစား လေ့ကျင့်ရေးရုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်စားများအား ကျန်းမာရေး အခမဲ့စောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုပြီး အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)ပင်စင်စား ဝန်ထမ်း များအား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့ ပူးပေါင်း၍ သမားတော်ကြီးများက အထွေထွေရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွား မီးယပ်ရောဂါနှင့် ကလေးရောဂါများ စမ်းသပ်ကုသပေးနေမှုနှင့် နွေရာသီအခြေခံ အားကစား သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနေမှုတို့ကို ကြည့်ရှုကာ အားပေးစကား ပြောကြားသည်။
ယင်းနောက် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်စားဝန်ထမ်းများအား ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏လမ်းညွှန်မှုဖြင့် ပင်စင်စား တစ်ဦးအား တစ်လလျှင်စားအုန်းဆီ တစ်ပိဿာ ၅၀ ကျပ်သား၊ ဆန်ရှစ်ပြည်နှုန်းဖြင့် ပင်စင်ထုတ်ရက်များတွင် လာရောက်ဝယ်ယူနေမှုနှင့် ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ရှမ်းပြည်နယ် မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်စားများအား ကြက်ဥ ရောင်းချပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုပြီး ရင်းရင်း နှီးနှီးနှုတ်ဆက်ကာ အားပေး စကားပြောကြားသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်စားများအား လစဉ် ပင်စင်လစာထုတ်ရက်ဖြစ် သည့် ၂၁ ရက်မှ လကုန်ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ကုသဆောင်ရွက်ပေး သွားမည်ဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့စီးပွား ရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်စားများ ပင်စင်လစာ ထုတ်ယူနေမှုကို သွားရောက်ကြည့်ရှု၍ ရင်းရင်း နှီးနှီးနှုတ်ဆက်ကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


