အစ္စတန်ဘူလ် ဖေဖော်ဝါရီ ၂၄
တူကီယဲနိုင်ငံ၏ ဆိုလာနှင့်လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုသည် တစ်နိုင်ငံလုံးရှိ လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု၏ သုံးပုံတစ်ပုံကို ကိုယ်စားပြုနေကြောင်း စွမ်းအင်နှင့် သဘာဝအရင်းအမြစ်ဆိုင်ရာဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် ဇန်နဝါရီလကုန်တွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုပမာဏသည် ၁၂၃၂၈၄ မဂ္ဂါဝပ်ရှိခဲ့ရာတွင် ဆိုလာနှင့်လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ၄၀၆၈၉ မဂ္ဂါဝပ် ထုတ်လွှတ်ခဲ့ပြီး စုစုပေါင်းလျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု၏ ၃၃ ရာခိုင်နှုန်းရှိကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားသည်။ အစိုးရအနေဖြင့် ၂၀၃၅ ခုနှစ်အရောက်တွင် ဆိုလာနှင့်လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ၁၂၀၀၀၀ မဂ္ဂါဝပ်အထိ ထုတ်လွှတ်နိုင်ရန် ရည်မှန်းထားကြောင်း စွမ်းအင်နှင့် သဘာဝအရင်းအမြစ်ဆိုင်ရာဝန်ကြီး အယ်ပင် ဆာလန်ဗာယာတာက ပြောကြားသည်။
ယခုကဲ့သို့ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား အများအပြားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွင်း စွမ်းအင်လိုအပ်ချက်များကို အဆင်ပြေနိုင်မည်ဖြစ်ကာ ပြည်ပမှ ရုပ်ကြွင်းလောင်စာများအားမှီခိုမှုမှ ကင်းလွတ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ တူကီယဲနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းတွင် ဆိုလာလျှပ်စစ် ထုတ်လွှတ်ရေးစက်ရုံများ တည်ထောင်ရန် ဆော်ဒီအာရေးဗျနှင့် တူကီယဲကြား ကန်ဒေါ်လာနှစ်ဘီလီယံတန်ကြေးရှိ ရင်းနှီးမြှုပ်နှံရေးသဘောတူညီချက်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသဘောတူညီချက်အရ နိုင်ငံအတွင်း လျှပ်စစ် ဓာတ်အားထုတ်လွှတ်မှုပမာဏ များပြားလာမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


