နေပြည်တော် ဖေဖော်ဝါရီ ၂၅
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) အထောက်အပံ့ဖြင့် တိုင်းရင်းဆေးပညာနှင့် ဇီဝနည်းပညာတိုးတက်မှုများ မျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Advances in Traditional Medicine and Biotechnology)ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက နိုင်ငံတော်အနေဖြင့် ကဏ္ဍစုံ၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းထားပြီး စီမံကိန်းအမျိုးမျိုးကို ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းများအောင်မြင်စွာ အကောင်အထည်ဖော်နိုင်၍ ရည်မှန်းထားသည့်ပန်းတိုင်များသို့ ရောက်ရှိနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ မူဝါဒများ၊ မဟာဗျူဟာများ ချမှတ်ရေးဆွဲခြင်းနှင့် အချိန်တိုအတွင်း အကျိုးရှိစေမည့် စီမံကိန်းများကို ကာလတို၊ ကာလရှည်အစီအစဉ်များဖြင့် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
စီမံကိန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရေးသည်အရေးကြီးသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း သုတေသနများ ပူးပေါင်းဆောင်ရွက်နိုင်ရန်လည်း အရေးကြီးပါကြောင်း၊ ယနေ့ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသည် မဲခေါင်–လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ သုတေသနပညာရှင်များကိုဖိတ်ကြားကာ ပြည်တွင်း၊ ပြည်ပ တိုင်းရင်းဆေးပညာနှင့် ဇီဝနည်းပညာရပ်များ၏ တိုးတက်မှုများ၊ နောက်ဆုံးပေါ် နည်းပညာများကို ဆွေးနွေးမျှဝေခြင်း၊ အတွေ့အကြုံကောင်းများဖလှယ်ခြင်းနှင့် သုတေသန ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်သည့်အတွက် ဆွေးနွေးပွဲမှရရှိလာသည့် တိုင်းရင်းဆေးပညာနှင့် ဇီဝနည်းပညာဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာအတွေ့အကြုံများ၊ ဗဟုသုတများကို နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစေမည့်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လက်တွေ့အသုံးချဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် သုတေသနများပေါ်ထွက်လာနိုင်စေရန် ပြည်တွင်းမှ သုတေသနဌာနများနှင့်သာမက ပြည်ပမှသုတေသနဌာနများ၊ တက္ကသိုလ်များနှင့်ချိတ်ဆက်ကာ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Minister Counselor ဖြစ်သူ Dr. Zheng Zhihong၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)၊ ဥက္ကဋ္ဌနှင့် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ သုတေသန ပညာရှင်များ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ရှိ သုတေသနဌာနများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး တိုင်းရင်းဆေးပညာနှင့် ဇီဝနည်းပညာတိုးတက်မှုများ ခေါင်းစဉ်အောက်မှ သက်ဆိုင်ရာကဏ္ဍအလိုက် Power Point Presentation များဖြင့်တင်ပြ ဆွေးနွေးကြကာ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ၏ တိုင်းရင်းဆေးပညာနှင့် ဇီဝနည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့် သိပ္ပံနှင့်နည်းပညာတိုးတက်မှုများ၊ လက်ရှိလုပ်ဆောင်နေကြသော သုတေသနများနှင့်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဌာနကြီးမှူးများ၊ မဲခေါင်–လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ သုတေသနပညာရှင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းရင်းဆေးပညာ၊ ဇီဝနည်းပညာဆိုင်ရာသုတေသနများနှင့် ဆက်စပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


