ဟိုပုံး   ဖေဖော်ဝါရီ ၂၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၂၅ ရက်က လွယ်တန့်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

 

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦး‌ကျော်မင်းဦးက မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံ၊ မီးခိုးမြူငွေ့အန္တရာယ်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုကြောင့် ဖြစ်ပွားစေတတ်သော ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး နည်းလမ်းများကို ပြောကြားခဲ့သည်။

 

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေက သစ်တော ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဆိုင်ရာ အကြောင်းအရာများ၊ ဒေသအတွင်း Fire Hotspots ဖြစ်ပေါ်မှုလျှော့ချရေး၊ နယ်စပ်ဒေသဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းထိန်းချုပ်ရေးနှင့် တောမီး ထိန်းချုပ်ရေးဆိုင်ရာ နည်းလမ်းများ၊ တောမီးလောင်ကျွမ်းမှုလျှော့ချရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဟောပြောခဲ့သည်။

 

ဆင်လက်၍ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)