ဝါးခယ်မ ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ဆီထွက် သီးနှံနေကြာ (ရုရှား)မျိုးများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နေကြာစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုများကို သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကြည့်ရှု စစ်ဆေးခဲ့ပြီး အထွက်နှုန်းကောင်းမွန်စေရေးအတွက် နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံကာ လိုအပ်သည် များကို ဆွေးနွေးပြောကြားခဲ့သည်။
ရေလိန်ကျေးရွာရှိ ရွှေကြာပင်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ များဖြစ်သည့် ဦးကျော်အောင်၊ ဦးဝင်းဗိုလ်နှင့် ဦးကိုကိုအေးတို့၏ စိုက်ပျိုးဧက စုစုပေါင်း ၈ ဧကတွင် ရုရှားမျိုး ဆီထွက်သီးနှံနေကြာ (MAKHAON KLP/ IPPOLIT/ VULKAN) (၃)မျိုးအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်မှစ၍ လက်စိုက်စနစ်၊ စက်စိုက်စနစ်များဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
နေကြာဆီသည် ကျန်းမာရေးနှင့်ညီညွတ်သည့် သဘာဝစားဆီဖြစ်ပြီး တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းသော ဆီထွက်သီးနှံများ ရရှိလာမှာဖြစ်ကာ ပြည်တွင်းဆီစားသုံးမှုဖူလုံစေသည့်အပြင် စိုက်ပျိုးသည့်တောင်သူများ၏ ဝင်ငွေများလည်း တိုးတက်လာမှာဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


