နေပြည်တော် ဖေဖော်ဝါရီ ၂၅

 

မြန်မာ-ကိုရီးယား ယဉ်ကျေးမှုဖလှယ် ရေးအစီအစဉ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ K- Music Friday Night Live Show တွင် ပါဝင်ဖျော်ဖြေ တင်ဆက်ကြမည့် ကိုရီးယားနိုင်ငံမှ အနုပညာရှင်များသည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။

 

အဆိုပါ ကိုရီးယားအနုပညာရှင်အဖွဲ့တွင် နိုင်ငံတကာ လှည့်လည်ဖျော်ဖြေ တင်ဆက်လျက်ရှိကြသည့် K–Pop နာမည်ကျော်အနုပညာရှင်များ ဖြစ်ကြသည့် Henny ၊ Gun Woo တို့နှင့်အတူ DJ တစ်ဦး၊ Dream Kids အကအဖွဲ့ဝင် ငါးဦး၊ အထောက်အကူအဖွဲ့နှင့် တာဝန်ရှိသူများ လိုက်ပါလာကြသည်။

 

ထို့အပြင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်း၍ ပထမဆုံးရိုက်ကူးထုတ်လုပ်မည့် “အားလုံးကို ကျော်ဖြတ်ကြမယ်” (All Pass) လူငယ်ဒရာမာရုပ်သံ ဇာတ်လမ်းတွဲတွင် ပါဝင်ကြမည့် ကိုရီးယားနိုင်ငံမှ ကလေးသရုပ်ဆောင် လေးဦးတို့သည်လည်း အတူလိုက်ပါလာကြရာ အဆိုပါ ကိုရီးယား အနုပညာရှင်များအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာကြိုဆိုကြသည်။

 

မြန်မာ့ရုပ်မြင်သံကြားအနေဖြင့် အများပြည်သူ အပန်းဖြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် အပတ်စဉ်သောကြာနေ့ ညတိုင်းတွင် Friday Night Live Show တေးဂီတ ဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက် ပေးလျက်ရှိရာ လာမည့် ဖေဖော်ဝါရီ ၂၇ ရက် သောကြာနေ့ ည ၉ နာရီတွင် မြန်မာ-ကိုရီးယား ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အဖြစ် KK Media နှင့်ပူးပေါင်း၍ ကိုရီးယားအနုပညာရှင်များက ဖျော်ဖြေတင်ဆက်မည့် K-Music Friday Night Live Show တေးဂီတဖျော်ဖြေပွဲ ဖြင့် တင်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်းတင်ဆက်မှုကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်