မုံရွာ ဖေဖော်ဝါရီ ၂၅

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် ပေါင်းစုံ Inter-Disciplinary Hackathon ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (မုံရွာ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

 အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် က ယနေ့ခေတ်သည် နည်းပညာ အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် ဒစ်ဂျစ်တယ်ခေတ် ဖြစ်ကြောင်း၊ မိမိတို့၏ အရည်အချင်းများကို အစွမ်းကုန် ထုတ်ဖော်ပြသပြီး မိမိတို့တက္ကသိုလ်နှင့် နိုင်ငံအတွက် အားထားရသည့် ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး ကွန်ပျူတာ တက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်က Inter-Disciplinary Hackathon ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ကွန်ပျူတာတက္ကသိုလ် (မုံရွာ)ပါမောက္ခချုပ်ထံ ငွေကျပ် ၂၅ သိန်း ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ် (မုံရွာ)မှ ကျောင်းသား ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြကာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေကျပ် သုံးသိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)