ပုသိမ် ဖေဖော်ဝါရီ ၂၆
ဒေသထုတ်ကုန်များ သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံ MSME ထုတ်ကုန်များ ဖွံ့ဖြိုးရေး သုတေသန စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဓာတုဗေဒဌာန ပါမောက္ခ၊ ဓာတုဗေဒဌာန ကထိက၊ သတ္တဗေဒဌာန ပါမောက္ခ၊ ပထဝီဝင် ဌာန ပါမောက္ခ၊ ရူပဗေဒဌာန ပါမောက္ခ၊ ရုက္ခဗေဒဌာန ပါမောက္ခတို့ တက်ရောက်ကြသည်။
စာတမ်းဖတ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ဓာတုဗေဒဌာန ပါမောက္ခ၊ ဓာတုဗေဒဌာန ကထိက၊ သတ္တဗေဒဌာန ပါမောက္ခ၊ ပထဝီဝင် ဌာန ပါမောက္ခ၊ ရူပဗေဒဌာန ပါမောက္ခ၊ ရုက္ခဗေဒဌာန ပါမောက္ခတို့က သုတေသနစာတမ်းများ ဖတ်ကြားကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန်အစည်းဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီခုနစ်ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး ဦးစီးကော်မတီကို အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဦးစီးကော်မတီအဖွဲ့ဝင်များအနေဖြင့် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဖိတ်ကြားရေး၊ ကိုယ်စားလှယ်များ လမ်းခရီး လုံခြုံရေး၊ တည်းခိုနေထိုင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်သကဲ့သို့ လွှတ်တော်ရုံးပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ လျှပ်စစ်မီးဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ဆက်သွယ်မှု စနစ်ကောင်းမွန်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီအတွင်းရေးမှူးက တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးအတွက် အဆောက်အအုံများပြင်ဆင်ခြင်း၊ လွှတ်တော်အစည်းအဝေးခန်းမ၊ ရေးရာကော်မတီခန်းများ၊ Call Room၊ Banquet Hall၊ Waiting Room၊ အစည်းအဝေးခန်းငယ်၊ ကိုယ်စားလှယ် နားနေခန်း၊ ကိုယ်စားလှယ် တည်းခိုဆောင်များ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ဦးစီးကော်မတီဝင်များက အထွေထွေ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


