မြစ်ကြီးနား ဖေဖော်ဝါရီ ၂၆

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်နှင့် ကသာမြို့နယ်တို့မှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား မြစ်ကြီးနားမြို့ စုပေါင်းရုံးဝင်းရှိ မနောရွှေပြည်ခန်းမ၌ တွေ့ဆုံအားပေးစကား ပြောကြားသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဝိုင်းမော်မြို့နယ် စန်းကား၊ ရွှေညောင်ပင်၊ အောင်မြေ (၁)၊ ဇယ်ခမ်းနှင့် ကျန်းခမ်ကျေးရွာများ၊ ကသာမြို့နယ်၊ ဗန်းမော်မြို့နယ်များမှ ယာယီတိမ်းရှောင် ၍ မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်းများ၌ ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု ၅၄၁ စုအတွက် ငွေကျပ်သိန်း ၄၃၂၈၀၀၀၀ တန်ဖိုးရှိ ၂၄ ပြည်ပါ ဆန် အိတ် ၅၄၁ အိတ် ထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံ တစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားနှင့် အိမ်ထောင်စုများ၏ လိုအပ်ချက်များကို တင်ပြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအနေဖြင့် ပျော်ရွှင်စွာနေထိုင်ကြရန်နှင့် ကျန်းမာရေးကို အထူးဂရုစိုက်နေထိုင်ကြရန် အလေးအနက်ထားတိုက်တွန်းလိုကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးနေသကဲ့သို့ နိုင်ငံတော်ကလည်း တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ယခုအခါ မိုးရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး ကွင်းဆင်းပံ့ပိုး‌ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်နယ်(ပြန်/ဆက်)