နေပြည်တော် ဖေဖော်ဝါရီ ၂၆
ရုရှားဖက်ဒရေးရှင်း နိုင်ငံ (ROSCOSMOS) နိုင်ငံပိုင်အာကာသ ကော်ပိုရေးရှင်းမှ အထွေထွေ ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာအာကာသအေဂျင်စီ (MSA)၌ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ ရုရှား-မြန်မာ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပြုလုပ်သည်။
ထို့နောက် Mr. Dmitry V. Bakanov နှင့်အဖွဲ့သည် မြန်မာအာကာသအေဂျင်စီ (MSA)မှ တာဝန်ရှိသူများလိုက်ပါ၍ ဒဂုံမြို့နယ် အလုံလမ်းရှိ အာကာသပြတိုက်၌ လေ့ကျင့်ရေးအထက်တန်းကျောင်း(ကမာရွတ်မြို့နယ်)မှ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ Mr. Dmitry V. Bakanov က အာကာသနည်းပညာအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ခရီးစဉ်တွင်လိုက်ပါလာသည့် ဆိုဗီယက်ပြည်ထောင်စု သူရဲကောင်းဘွဲ့နှင့် ရုရှားနိုင်ငံ၏သူရဲကောင်းဘွဲ့ချီးမြှင့်ခြင်းခံရသူ အာကာသယာဉ်မှူး Mr. KRIKALEV Sergei Konstantinovich က အာကာသသို့ ပျံသန်းခြင်းဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


