နတ်မောက် ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း နွေစပါးနှင့် နွေသီးနှံများအချိန်မီစိုက်ပျိုး နိုင်ရေးအတွက် နတ်မောက်ရေလှောင်တမံမှ ဖေဖော်ဝါရီ ၁ ရက်နှင့် ကျောက်တံခါးလက်ဝဲ မြောင်းမကြီးမှ ဖေဖော်ဝါရီ ၆ ရက်မှစ၍ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း နတ်မောက်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေ ရေးအတွက် နှစ်စဉ် နတ်မောက်ရေလှောင်တမံနှင့် ကျောက်တံခါးလက်ဝဲမြောင်းမကြီးတို့မှ ရေပေးမြောင်းများက ဖြန့်ဝေဆောင်ရွက်ပေးသဖြင့် တောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရရှိစိုက်ပျိုးလျက်ရှိသည်။ နတ်မောက်ရေလှောင် တမံတွင် ရေလှောင်ပမာဏ ၆၄၈၃၉ ဧကပေ နှင့် ကျောက်တံခါး လက်ဝဲမြောင်းမကြီးတွင် ရေလှောင်ပမာဏ ၃၀၅၁၈ ဧကပေ သိုလှောင်ထားရှိပြီး နတ်မောက်ရေလှောင်တမံမှ နတ်မောက်မြို့နယ်အတွင်း စိုက်ဧက ၅၆၉ ဧက နှင့် မြို့သစ်မြို့နယ်အတွင်း စိုက်ဧက ၆၀၁၄ ဧက၊ ကျောက်တံခါးလက်ဝဲမြောင်းမကြီးမှ စိုက်ဧက ၂၀၀၀ အတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေသွားမည်ဖြစ်ကြောင်း နတ်မောက် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
လှဝင်း


