နေပြည်တော် ဖေဖော်ဝါရီ ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သည့် ပျဉ်းမနားခရိုင် ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းကျေးရွာအုပ်စု ကင်ပွန်းတန်းကျေးရွာ အာဟာရသုခဈေးအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို နေပြည်တော်မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက Level -2 မီးငြှိမ်းသတ်ယာဉ်များနှင့် ရေသယ်ယာဉ် စုစုပေါင်း ၃၅ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၃၁ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ အာဟာရသုခဈေး ဈေးရုံအမှတ်(ဂ) လျှောက်လမ်းတွင် ထွန်းထားသည့် လုံခြုံရေးမီး (LED) အပူလွန် ရှော့ဖြစ်ရာမှ ဆိုင်ခန်းအမှတ် (၇၄) သိန်းကမ္ဘာ ကုန်ခြောက် ပစ္စည်းအရောင်းဆိုင်တွင် အုပ်မိုးထားသည့် မိုးကာပေါ်သို့ကျကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ခြောက်ပေပတ်လည် ဈေးဆိုင်ခန်း ၂၄၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)


