ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၆

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ပြင်ဦးလွင်ခရိုင် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိ ဦးဆောင်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ပြင်ဦးလွင်မြို့နယ် နောင်လှိုင်ကျေးရွာ၌ ကျင်းပသည်။

 

ထိုသို့နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် အထွေထွေရောဂါ လူနာ ၁၂၃ ဦး၊ ကလေးလူနာ ၁၈ ဦး၊ ခွဲစိတ်လူနာ ၁၉ ဦး၊ အကြောအဆစ်နှင့်ပတ်သက်သောလူနာ ၄၂ ဦး၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သားဖွားမီးယပ်လူနာ ၁၆ ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာ လူနာ ၄၈ ဦး၊ သွားနှင့်ခံတွင်း ရောဂါ လူနာ ၄၃ ဦး၊ မျက်စိလူနာ ၁၂၉ ဦး၊ စိတ်ကျန်းမာရေးနှင့် ပတ်သက်သော လူနာ သုံးဦး၊ မျက်စိစမ်းသပ်လူနာ ၁၂၄ ဦးတို့အား မျက်စိစမ်းသပ်‌ပေးခဲ့ကာ မျက်မှန်များအခမဲ့လှူဒါန်းပေးခဲ့သည်။ အလားတူ ပြည်သူ့ကျန်းမာရေးဌာနမှ HIV စစ်ဆေးလူနာ ၁၅ ဦး၊ ကာလသား ရောဂါစစ်ဆေးလူနာ နှစ်ဦး၊ ငှက်ဖျားစစ်ဆေးလူနာ ၅၂ ဦးတို့အား ကြည့်ရှုစစ်ဆေးကုသပေးခဲ့ပြီး ဆေးစိမ်ခြင်ထောင် အလုံး ၃၀၀ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

 

ထိုသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အလုပ် အမှုဆောင်တို့ လာရောက်ကြည့်ရှု ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)