ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၀၅၇၅ ဧကရှိသောနယ်မြေကို “ပေါက်မ - ကယ်ဘာကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့် ကြော်ငြာစာအမှတ် (၁၁/၂၀၂၆ )အရ (၁၃၈၇) ခုနှစ်၊ တပေါင်းလဆန်း(၃)ရက်၊ (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာ့သစ်တောမူဝါဒ၏ ရည်မှန်းချက်ဖြစ်သော ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ဧရိယာကို မြန်မာနိုင်ငံဧရိယာ၏ (၃၀%) ဖွဲ့စည်းနိုင်ရန်၊ ရေမြေသဘာဝတောတောင် ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထာဝစဉ် တည်တံ့စေရေးထိန်းသိမ်းကာကွယ်ရန်၊ အပူပိုင်းဒေသတောများဖြစ်၍ ရာသီဥတုမျှတ ကောင်းမွန်လာစေရန်နှင့် ဒေသခံများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်လာစေပြီး ဒေသခံပြည်သူများ၏ အခြေခံစား၊ ဝတ်၊ နေရေးလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါသည်။
“ပေါက်မ - ကယ်ဘာကြိုးပြင်ကာကွယ်တော” သတ်မှတ်ခြင်းဖြင့် အပူပိုင်းဒေသသစ်မျိုးများ ဖြစ်သည့် သန်း၊ ဒဟတ်၊ ထောက်ကြံ့၊ ရှား၊ အင်ကြင်း၊ သစ်ရာ၊ လွန်၊ ဆီးဖြူ ၊ ဖန်ခါး၊ သစ်စေး၊ သစ်ပုဂံစသည့် သစ်မျိုးများအား ထိန်းသိမ်းနိုင်ခြင်း၊ ကာကွယ်တောအတွင်းမှီခိုနေထိုင်ကြသော သားငှက်တိရစ္ဆာန်များ ဖြစ်သည့် ချေ၊ တောဝက်၊ ယုန်၊ ကြောင်၊ ဖွတ်၊ ပုတတ်၊ ကြောင်၊ ယုန်၊ မြွေ၊ ကုန်းလိပ်၊ သိမ်းငှက်၊ ချိုး၊ ဆက်ရက်၊ ငူ၊ ငုံး၊ တောကြက်၊ ခါ၊ ဘီလုံးငှက်၊ စွေ့ငှက်၊ ကြက်တူရွေးနှင့် ငှက်တော်စသည့် တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းနိုင်မည့်အပြင် ကြိုးပြင်ကာကွယ်တောအနီးရှိ ကျေးရွာနေ ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေးဖြစ်သည့် လယ်ယာသုံးပစ္စည်းများ၊ ဒေသသုံး မျော၊ တိုင်၊ ထင်း ၊ ဝါးများနှင့် သစ်တောများမှ ဟင်းသီး ဟင်းရွက်များ၊ သစ်ဥသစ်ဖုများ၊ ပရဆေးများ စသည်တို့ကို အလွယ်တကူ ထုတ်ယူသုံးစွဲနိုင်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးအထောက် အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်လာပြီး ရာသီဥတု မျှတ၍ ဒေသခံပြည်သူများ၏ လယ်၊ ယာမြေ၊ ကောက်ပဲသီးနှံများ အထွက်တိုးလာစေခြင်း၊ ဒေသခံပြည်သူများအနေဖြင့် သစ်တောများမှ တိုက်ရိုက်နှင့်သွယ်ဝိုက်သော အကျိုးကျေးဇူးများ ခံစားနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တော သစ်ပင်များ၏ ဂေဟစနစ်များ ထာဝစဉ်တည်တံ့စေ နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန


