ပဲခူး ဖေဖော်ဝါရီ ၂၆

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့ညနေပိုင်းတွင် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

 

ရှင်းလင်းတင်ပြ

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန် အစည်းအဝေး ကျင်းပပြုလုပ်မည့် အစည်းအဝေးခန်းမကြီး ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုရာ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူးချုပ်က လွှတ်တော် ကိုယ်စားလှယ်များ နေရာချထားမှု၊ အသံစနစ်များ၊ မဲပေးသည့်စနစ်များနှင့် လုံခြုံရေး ကင်မရာများ တပ်ဆင်ထားရှိမှု၊ သက်ဆိုင်ရာရေးရာ ကော်မတီအလိုက် အစည်းအဝေးခန်းများ ပြင်ဆင်ထားရှိမှု၊ လွှတ်တော် ကိုယ်စားလှယ် အိပ်ဆောင်များ အဆင်သင့် ပြင်ဆင်ထားရှိမှုနှင့် မတ် ၂၀ ရက်တွင် စတင်ကျင်းပမည့် တတိယအကြိမ် ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော် ကိုယ်စားလှယ်များ စတင်ရောက် ရှိချိန်မှစ၍ နေထိုင်စားသောက်မှု အဆင်ပြေစေရန်၊ ရေမီးပြည့်စုံမှု ရှိစေရေး ပြင်ဆင်ထားရန်၊ လွှတ်တော် ကိုယ်စားလှယ်များ၏ လက်စွဲစာစောင်များ တစ်ပါတည်း ဝေငှပေးထားရန်၊ မေးခွန်း မေးမြန်းခြင်းနှင့် အဆိုတင်သွင်း ခြင်းစသည့် လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းစွာ သိရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန် ဆွေးနွေးမှာကြားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)