ရန်ကုန် ဖေဖော်ဝါရီ ၂၆

 

ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ချိုးဖောက်ခြင်းတိုက်ဖျက်မှု (Anti-Piracy)ဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ Eravati Hotel ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ ဒစ်ဂျစ်တယ်ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (DPDC)၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ ဒါရိုက်တာများ၊ ရုပ်ရှင်ရုံလုပ်ငန်းရှင်များ၊ ရုပ်သံလိုင်းများ၊ ရုပ်ရှင်ဆင်ဆာ၊ ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များ၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ကားများ စိစစ်ရေးအဖွဲ့ဝင်များ စသည့် ဒစ်ဂျစ်တယ်မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် အသင်းအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီး ဦးရဲတင့်က ယနေ့ကာလတွင် တရားမဝင်ခိုးကူးဖြန့်ချိမှု (Digital Piracy) များသည် ပုံစံအမျိုးမျိုးဖြင့် အားကောင်းလာပြီး ဖန်တီးရှင်များ၏ အကျိုးစီးပွားကိုသာမက နိုင်ငံတော်၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကိုပါ ထိခိုက်မှုများရှိလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ တရားမဝင် ခိုးကူးမှုများသည် ဖန်တီးရှင်များ၏ အားထုတ်မှုနှင့်အရင်းအနှီးကို တိုက်ရိုက်ခိုးယူခြင်းဖြစ်ပါကြောင်း၊ ယင်းမှာ မူပိုင်ခွင့် ချိုးဖောက်မှုထက် ကျော်လွန်ပြီး အနုပညာနှင့် နည်းပညာစနစ် တစ်ခုလုံးကို ပျက်စီးစေသည့် လုပ်ရပ်ပင်ဖြစ်ပါကြောင်း။

 

ထိုလုပ်ရပ်များကို ထိရောက်စွာ မတားဆီးနိုင်ပါက အရည်အသွေးမြင့် ဖန်တီးမှုအသစ်များ ထွက်ပေါ်လာရန် အဟန့်အတားဖြစ်စေမည်ဖြစ်ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်း၊ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများ၊ ဂီတလုပ်ငန်းများ၊ Software နှင့် Digital Content လုပ်ငန်းများက ယနေ့ခေတ်တွင် နိုင်ငံ့စီးပွားရေးအတွက် အရေးပါသည့် အခြေခံယန္တရားများအဖြစ် ပါဝင်လည်ပတ်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းများ၏ ဝင်ငွေသည်လည်း အများအားဖြင့် Broadcasting Rights နှင့် Digital Distribution ပေါ်တွင် အဓိက အားထားနေရပါကြောင်း။

 

Digital Piracy ပြဿနာသည် နိုင်ငံတစ်နိုင်ငံအတွင်းသာ ဖြစ်ပေါ်နေသည့် ပြဿနာမဟုတ်တော့ဘဲ နယ်စပ်ဖြတ်ကျော်ခြင်း၊ ပလက်ဖောင်းမျိုးစုံ အသုံးပြုပြီး ချိုးဖောက်ခြင်း၊ Cloud စနစ်များ အသုံးပြုပြီး ချိုးဖောက်ခြင်းမှတစ်ဆင့် ဖြစ်ပေါ်နေသည့် အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ် လာသည့်အတွက် မူပိုင်ခွင့် ကာကွယ်ရေးကို ဥပဒေတစ်ခုတည်းဖြင့်သာ မဖြေရှင်းနိုင်တော့ဘဲ နည်းပညာအခြေပြု ကာကွယ်ရေးစနစ်များကို တစ်ပြိုင်နက် အသုံးချရန် လိုအပ်လာပါကြောင်း၊ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲတွင် အဆိုပါ လိုအပ်ချက်များနှင့် ကိုက်ညီသည့် အရေးပါသော လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်၍ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ နည်းပညာ ပံ့ပိုးသူများ၊ ဖန်တီးသူများနှင့် ပြည်သူအားလုံး ပူးပေါင်းလက်တွဲ၍ ဥပဒေစိုးမိုးမှုနှင့် နည်းပညာ ကာကွယ်ရေးကို တွဲဖက်အသုံးချပြီး လုံခြုံမှုရှိပြီး တရားမျှတသည့် ဒစ်ဂျစ်တယ် ပတ်ဝန်းကျင် တစ်ရပ်ကို မြန်မာနိုင်ငံတွင် အတူတကွ တည်ဆောက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ GTL Group of Companies ၏ Chairman ဒေါက်တာစိန်ထူးက ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး ရုရှားနိုင်ငံ နည်းပညာဆိုင်ရာ နိုင်ငံပိုင် ကုမ္ပဏီဖြစ်သည့် Positive Technologies မှ Anti-Piracy Solutions ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် Mr. Milogolov Sergey နှင့် Mr.Goncharov Stanislav Andreevich တို့က ရုရှားနိုင်ငံနှင့် နိုင်ငံတကာတွင် ကျင့်သုံးဆောင် ရွက်လျက်ရှိသည့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ချိုးဖောက်ခြင်း တိုက်ဖျက်မှု (Anti-Piracy Solutions) ဆိုင်ရာ နည်းပညာများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။

 

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ ပါဝင်မေးမြန်း ဆွေးနွေးကြပြီး နည်းပညာ ကျွမ်းကျင်သူများက Anti-Piracy Solutions ဆိုင်ရာ လက်တွေ့ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 

နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးသည် ကျောက်တံတား မြို့နယ် ဗိုလ်ချုပ်လမ်းရှိ ဝဇီရာ ကဇာတ်ရုံ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ညနေပိုင်းတွင် မင်္ဂတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ စာဆိုဗိမာန် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ အဆောက်အအုံ အရည်အသွေး ပြည့်ဝစွာ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်မဖြစ်ပေါ်စေရေးတို့နှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်