ရန်ကုန် ဖေဖော်ဝါရီ ၂၆

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့်  (၁၃)ကြိမ်မြောက်   အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမား များအား ဂုဏ်ပြုပွဲကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး   မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများ၊ ဖိတ်ကြားထားသည့်  ဧည့်သည်တော်များနှင့်   တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ (၃၃)ကြိမ်မြောက်    အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက်   အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့သည့်    ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်သည့် Video Clip အား ပြသသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားပြီး (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု လေးခု၊ ငွေတံဆိပ်ဆု ၁၁ ခု၊ ကြေးတံဆိပ်ဆု ၁၄ ခုဖြင့် ဆုရရှိ ခဲ့သည့်  အားကစားသမားများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ခြင်းလုံး အားကစားနည်းမှ ရွှေတံဆိပ် နှစ်ခုဖြင့် ဆုရရှိခဲ့သည့် အားကစားသမားများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်   ဘိလိယက်နှင့် စနူကာအားကစားနည်းမှ ရွှေတံဆိပ်ဆုတစ်ခု၊ ကြေးတံဆိပ်ဆုတစ်ခုဖြင့် ဆုရရှိခဲ့သည့် အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ်ဆုတစ်ခု၊  ရိုးရာလှေ အားကစားနည်းမှ ကြေးတံဆိပ်ဆု ရှစ်ခု၊ ကနူး/ ကယက်  အားကစား နည်းမှ ငွေတံဆိပ်ဆုနှစ်ခု၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ ငွေတံဆိပ်ဆုသုံးခု၊ ကြေးတံဆိပ်ဆုတစ်ခု၊ Teq Ball အားကစားနည်းမှ ငွေတံဆိပ်ဆုလေးခု၊ ကြေးတံဆိပ်ဆုတစ်ခု၊ တိုက်ကွမ်ဒိုအားကစားနည်းမှ ကြေးတံဆိပ်ဆုလေးခု၊ ဂျူဒိုအားကစားနည်းမှ ကြေးတံဆိပ်ဆုသုံးခု၊ စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ်ဆုနှစ်ခု၊  လက်ဝှေ့အားကစားနည်းမှ ကြေးတံဆိပ်ဆုနှစ်ခု၊   မြင်းစီးအားကစားနည်းမှ   ကြေးတံဆိပ်ဆုတစ်ခု ရရှိခဲ့ကြသည့် အားကစားသမားများကို ရန်ကုန်တိုင်းဒေသကြီး   တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ငွေများ   ပေးအပ်ကြသည်။

ဆက်လက်၍ အားကစားသမားများကိုယ်စား ခြင်းလုံးအားကစားနည်းမှ ရွှေတံဆိပ်ဆုရှင် မခိုင်သဇင်ဖြိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)