ပဲခူး ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကမ္ဘောဇသာဒီနန်းတော်ရှိ မြေနန်းပြာသာဒ်ဆောင်၊ ရထားလုံးဆောင်နှင့် ကျွန်းလုံးဆောင်တို့အား ဆေးသုတ်ခြင်း လုပ်ငန်းအပါအဝင် ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန် စံညွှန်းပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ထို့နောက် သနပ်ပင်မြို့နယ် ပဲခူး - သနပ်ပင်လမ်းနှင့် ကမာစဲ - ရစ်ကန်လေးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပဲခူး - သနပ်ပင် - ခရမ်းသံလျင်လမ်း မိုင်တိုင်အမှတ် (၁၃/၆၁၃/၇) ကြား စိန်နားကပ်တံတား တည်ဆောက်ရေး လုပ်ငန်းနှင့် ပဲခူးမြို့ ကျိုက်ပွန်ဘုရားလမ်း ဂဝံလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


