ဘားအံ ဖေဖော်ဝါရီ ၂၈

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်မှုလယ်ယာဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၂၉ ဒသမ ၃၀ သန်းဖြင့် ကော့စိန်ဘန် (အောက်) ကျေးရွာရှိ တောင်သူ ၄၀ ၏ စိုက်ဧကများအား ဧက ၂၀၀ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၈၅ ရာခိုင် နှုန်းခန့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးဦးရဲမင်းထွဋ်နှင့် တာဝန်ရှိသူများက စက်ယန္တရားများအသုံးပြု၍ လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ စားဝတ်နေရေး အဆင်ပြေစေရန်၊ စားရေရိက္ခာ ဖူလုံပိုလျှံစေရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက် ကြစေလိုပြီး လိုအပ်သည့် ကူညီဖြည့်ဆည်းမှုများကို ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အဆင့်မြှင့်တင် ဖော်ထုတ်ပြီးသည့် လယ်ယာမြေများကို တောင်သူများအား ပြန်လည်ဝေမျှ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တောင်သူများဆွေးနွေးတင်ပြသည့် ရေသွင်း၊ ရေနုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေးတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းနှင့် ကုန်ထုတ်လမ်းဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှု စစ်ဆေးကြသည်။
ယင်းနောက် ဘားအံမြို့နယ် ဘုရားကုန်းကျေးရွာတွင် စိုက်ဧက ၁၀၀ ကျော်ကို အကျိုးပြုနိုင်သော ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ အရှည်ပေ ၃၅၀၀ ရှိ ဘုရားကုန်းကျေးရွာလမ်း ဘေးမြောင်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ကမော့ကပိုမျိုးသန့်ခြံ၌ ခြံစည်းရိုး ကာရံခြင်း ၆၆၁၄ ပေ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ထို့နောက် ဘားအံတက္ကသိုလ် အင်ကြင်းဆောင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကရင်ပြည်နယ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘားအံတက္ကသိုလ် ဘာသာရပ်သင်ပါမောက္ခ များက အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်များအား အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ကျောင်းသား ကျောင်းသူများအား သင်ကြားပို့ချပေးနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအတွက် အားဖြည့် အချိုရည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

စောမျိုးမင်းသိန်း(ပြန်/ဆက်)