နေပြည်တော် ဖေဖော်ဝါရီ ၂၈

 

ဧရာဝတီတိုင်းဒေသကြီးရှိ ဟိုတယ်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုး တိုးတက်လာစေရေး၊ ခရီးစဉ် ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများ သန့်ရှင်းသာယာလှပပြီး ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ စဉ်ဆက်မပြတ် တိုးတက်လည်ပတ်စေရေးအတွက် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ ဟိုတယ်များ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ဟိုတယ်များမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု၊ အခန်းများပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်မှု၊ ဧည့်သည်များ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိမှုနှင့် ဟိုတယ်များသို့ ဧည့်သည်များ ပိုမိုလာရောက် တည်းခိုနေထိုင်ကြရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အစီအမံများကို ရှင်းလင်း တင်ပြကြသည်။

 

တင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးက ပုသိမ်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပြီး အထင်ကရခရီးစဉ် ဒေသတစ်ခုဖြစ်သည့်အတွက် ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရန် အဆင့်မီသော ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ကြရေး၊ ဟိုတယ်ရှိ ဝန်ထမ်းများအား စွမ်းဆောင်ရည် ပြည့်ဝသော ဝန်ထမ်းများဖြစ်စေရေး၊ ဒေသထွက်ရိုးရာ လက်မှုအနုပညာပစ္စည်းများ ခင်းကျင်း ထားရှိရေး၊ ဒေသထွက်ရိုးရာ အစားအစာများကို အဆင့်အတန်းမီစွာ ပြင်ဆင်တည်ခင်းဧည့်ခံရေး၊ ဧည့်သည်များ မိမိတို့ဟိုတယ်များ၌ စိတ်အေးချမ်းမြေ့စွာ ရက်ရှည်တည်းခိုနေထိုင်ကြရေးအတွက် ဟိုတယ်အတွင်းအပြင် ဆွဲဆောင်မှုရှိသော အပြင်အဆင်များ ဖန်တီးဖော်ဆောင်ကြရေး၊ ဟိုတယ်ပရဝဏ် အတွင်းနှင့် မျက်နှာစာများကို သန့်ရှင်းသာယာလှပအောင် ပြင်ဆင် ဆောင်ရွက်ကြရေး မှာကြားခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ပုသိမ်မြို့ရှိ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု မူလခွင့်ပြု ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ၁၀ ခန်းတွဲ (RC) သုံးထပ် သင်တန်းသား အိပ်ဆောင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် 315 KVA Transformer, 11 KVA, 0.4 Line မီးလိုင်းတပ်ဆင် ဆောင်ရွက်ခြင်းလုပ်ငန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုမူလခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းအဝင် မုခ်ဦး၊ အုတ်တံတိုင်း၊ ခြံစည်းရိုးကာရံခြင်း၊ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ လျှာထိုးကြမ်းခင်းခြင်းလုပ်ငန်း၊ PA System Apron & Drain အတွင်း ရေ၊ မီး၊ မိလ္လာအပါ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရန်၊ ရေရှည်တည်တံ့စေရေး အရည်အသွေးကောင်းမွန်သည့် ပစ္စည်းများ အသုံးပြုတည်ဆောက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများ၊ လုပ်ငန်းတာဝန်များ ဖြစ်သည့် အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းသို့ သွားရောက်၍ ဘောလုံးကွင်း မြက်ခင်း စိမ်းလန်းစိုပြည်ရေးအတွက် မြက်ကြမ်းများရှင်းလင်း ဖယ်ရှားရန်နှင့် သန့်ရှင်းသာယာလှပရေး ပုံမှန်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

 

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု မူလခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက် ပြီးစီးခဲ့သည့် ပုသိမ်မြို့ အဆင့်မြင့်ရေကူးကန်အတွင်းရှိ မီတာ ၅၀ ရေကူးကန်၊ ဒိုင်ဗင်ကန် တည်ဆောက်ထားရှိမှုနှင့် နွေရာသီရေကူးသင်တန်း ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေကူးကန်ကို သတ်မှတ်အချိုးအစားအတိုင်း ဆေးခတ်ခြင်း၊ ရေသန့်စင်ခြင်း ပုံမှန်ဆောင်ရွက်၍ ရေကူးကန်ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရန်၊ ရေကူးအားကစား နည်းသည် အိုလံပစ်အားကစားနည်းဖြစ်သည့်အတွက် ရေကူးမျိုးဆက်သစ် အားကစားသမားများ ရရှိစေရန် နွေရာသီရေကူးသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်