ဖနောင်ပင် မတ် ၂
အာရှနှင့် ဥရောပဒေသနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် အင်အားတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းက မတ် ၁ ရက်တွင် ပြောကြားသည်။
၁၉၉၆ ခုနှစ် မတ် ၁ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်တွင် စတင်ကျင်းပခဲ့သည့် အာရှ-ဥရောပနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲကို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပသည့် အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲအထိမ်း အမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့သည့် နှစ်(၃၀)ပြည့်မြောက်သည့် လက်ရှိအချိန်တွင် ကမ္ဘောဒီးယား တော်ဝင်အစိုးရနှင့် ပြည်သူများကိုယ်စား အာရှဒေသနှင့် ဥရောပဒေသနိုင်ငံများရှိ ပြည်သူများအတွက် ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး တို့အတွက် ဆုတောင်းစကားပေးပို့ပါကြောင်း နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်း က ပြောကြားသည်။
ဆယ်စုနှစ်သုံးခုအတွင်း အာရှဒေသနှင့် ဥရောပဒေသနိုင်ငံများအကြား အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲသည် ဆွေးနွေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ နှင့် အပြန်အလှန် နားလည်ယုံကြည်မှုများအတွက် စင်္ကြံတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲသည် ဒေသတွင်းအဖွဲ့အစည်းများဖြစ်သည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဥရောပသမဂ္ဂတို့ကို ပေါင်းစည်းပေးရုံ သာမက ကမ္ဘာ့နိုင်ငံများ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး ထက်ဝက်ကျော်အပါအဝင် လူဦးရေ၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းတို့ကို ကိုယ်စားပြုကြောင်း ၎င်းက ပြောကြားသည်။ အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲသည် ဒေသများအကြား ယဉ်ကျေးမှု၊ စီးပွားရေးနှင့် နိုင်ငံသားများအချင်းချင်း ဆက်သွယ်ပေးရာ ပေါင်းကူးတံတားအဖြစ်ရပ်တည်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


