ပဲခူး မတ် ၂

 

၂၀၂၆ ခုနှစ် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန် ဈေးရောင်းပွဲတော်ကို ယမန်နေ့ညနေပိုင်းက ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန် ဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ဂုဏ်ပြုဘင်ခရာတီးဝိုင်းနှင့် ဂုဏ်ပြုပန်းဖွားအကအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင် ခြောက်ခုတို့မှ ဒေသထွက် သစ်သီးဝလံပန်းမန် ပြိုင်ပွဲဝင် သစ်သီးဝလံပန်းမန်များ ခင်းကျင်းပြသထားရှိမှု၊ လယ်ယာသုံး စက်ကိရိယာပြခန်း၊ မွေးမြူရေး ဆိုင်ရာပြခန်းများ၊ ဌာနဆိုင်ရာ အသိပညာပေးပြခန်းများ၊ မွေးမြူရေးစံပြခြံများ၊ ဒေသထွက်ကုန် အရောင်းပြခန်း စုစုပေါင်း ၁၁၀ ကျော်ကို လှည့်လည်ကြည်ရှုအားပေးပြီး ဒေသထွက်ကုန်များအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်အဆင့်ထိ မျှော်မှန်း ထုတ်လုပ်ဆောင်ရွက်ရန်နှင့် ဒေသတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အဆိုပါပြခန်းများတွင် ဒေသထွက် ဝါး၊ သစ်သား လက်မှုပစ္စည်းများ၊ ဒေသထွက်တန်ဖိုးမြှင့် စားသောက်ကုန်ပစ္စည်းများ၊ တိုင်းရင်းဆေးဝါးများ၊ လူသုံးကုန်များနှင့် သဘာဝမြေဩဇာများ စုစုပေါင်း ဒေသထွက်ကုန် အမျိုးပေါင်း ၈၀၀ ကျော် ထည့်သွင်းပြသထားရာ လာရောက်လေ့လာသူများ၊ ဈေးဝယ်သူများအပြင် ဇာတ်သဘင်လာရောက်ကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)