ဗန်ကောက်   မတ်   ၂

ထိုင်းနိုင်ငံ၌ လက်ရှိအချိန်တွင် အပူချိန်များမြင့်မားနေသဖြင့် အစိုးရက အပူဒဏ်သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ပူပြင်းသည့်နေရောင်အောက်တွင် အလုပ်လုပ်ကိုင်ဆောင်ရွက်ရသူများနှင့် နာတာရှည်ဝေဒနာ ခံစားနေရသူများကို အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှုမရှိစေရေး ဆောင်ရွက်ခြင်းဖြစ်သည်။

ယခုနှစ်သည် ယခင်နှစ်ကထက် အပူချိန်ပိုမိုမြင့်မားပြီး မယ်ဟောင်ဆောင်၊ လန်ပန်းနှင့် တက် ဒေသများတွင် အပူချိန် ၄၃ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ အယ်ရင်ပန်ရက်က ပြောကြားသည်။

နိုင်ငံသားများအနေဖြင့် ပူပြင်းသည့်နေရောင် အောက်တွင်လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် အပူဒဏ်ကြောင့် လေဖြတ်ခြင်းများဖြစ်နိုင်သဖြင့် ရှောင်ရှားကြရန် ၎င်းက ညွှန်ကြားခဲ့သည်။ နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း နေအိမ်ပြင်ပတွင် လုပ်ငန်းဆောင်ရွက်ခြင်းမှ ရှောင်ရှားရန်နှင့် ရေများများ သောက်ရန် ၎င်းကအကြံပြုခဲ့သည်။ မတ် ၃ ရက်မှ ၆ ရက်အတွင်း နိုင်ငံအရှေ့မြောက်ပိုင်းဒေသများနှင့် မြို့တော်ဗန်ကောက်အပါအဝင် အနီးအနားဒေသများတွင် မုန်တိုင်းတိုက်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ကိုးကား - VN Express

ဘာသာပြန် - စိုးသူရ