တိုကျို   မတ်   ၂

ဂျပန်နိုင်ငံ တိုကျိုမြို့နှင့်  အနီးတစ်ဝိုက်တွင်   ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပါက   နောက်ဆက်တွဲပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်သည့် အစီအမံမူကြမ်းတစ်ခုကို အစိုးရက တင်သွင်းခဲ့ကြောင်း  သိရသည်။

နိုင်ငံတစ်ဝန်းရှိ  အစိုးရဝန်ထမ်းများသည် ၎င်းအစီအမံတွင် ပါဝင်တာဝန်ထမ်းဆောင်ရမည်ဟု သတ်မှတ်ထားသည်။ ယခုအစီအမံကို ဆောင်ရွက်ရခြင်းသည် သဘာဝဘေး ကျရောက်ပြီးသည့် အချိန်တွင်  ကယ်ဆယ်ရေးစင်တာများ ဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်နိုင်ရန်၊   အပျက်အစီးများနှင့် ပတ်သက်သည့် စာရင်းများပြုစုနိုင်ရန်နှင့် သဘာဝဘေးကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

၎င်းအစီအမံနှင့်ပတ်သက်သည့် ဒေသန္တရအစိုးရတာဝန်ရှိသူများ၏ မှတ်ချက်ကိုလေ့လာကာ ဗဟိုအစိုးရက ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ တိုကျိုအလယ်ပိုင်းတွင် ပြင်းအားမဂ္ဂနီကျု  ၇ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပါက ဒေသခံ  ၁၈၀၀၀  သေဆုံးနိုင်ပြီး    စီးပွားရေးအရ  ထိခိုက်ပျက်စီးမှု  ယန်း ၈၃ ထရီလီယံရှိနိုင်ကြောင်း   အစိုးရ၏  မှတ်တမ်းတစ်ရပ်အရ သိရသည်။ 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ