ဆစ်ဒနီ မတ် ၂
ကမ္ဘာ့အပူချိန်မြင့်မားလာမှုအပေါ် ဆန်စပါးသီးနှံများ ခံနိုင်ရည်ရှိစေရေးအတွက် ဉာဏ်ရည်တုနည်းပညာနှင့် မျိုးဗီဇစနစ်တို့ကို သုံးစွဲ၍ အိန္ဒိယနှင့် ဩစတြေးလျပညာရှင်များက သုတေသနလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
မြင့်မားသည့် အပူချိန်ကြောင့် ဆန်စပါးသီးနှံအထွက်နှုန်း မလျော့ကျစေရေးအတွက် ဆောင်ရွက်သည့် ၎င်းစီမံချက်အား ဩစတြေးလျနိုင်ငံ မိုနတ်တက္ကသိုလ်နှင့် အိန္ဒိယနိုင်ငံ အပင်မျိုးဗီဇသုတေသနဆိုင်ရာ အမျိုးသားအင်စတီကျုတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မိုနတ်တက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါစီမံချက်အရ ဆန်စပါးသီးနှံများတွင် ပါဝင်သည့် ပရိုတိန်းများ၏ အပူဒဏ်အပေါ် တုံ့ပြန်မှုများကိုလေ့လာခြင်းနှင့် ဆန်စပါးသီးနှံများအား အပူဒဏ်ခံနိုင်ရည်မြင့်မားစေရေးအတွက် မျိုးဗီဇပြောင်းလဲသည့်လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယခုဆောင်ရွက်သည့် စီမံချက်သည် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကို တွေ့ကြုံနေရသည့် လယ်သမားများအတွက် လက်တွေ့ကျသည့်အဖြေကို ဆောင်ကြဉ်းပေးလာမည်ဟု မိုနတ် တက္ကသိုလ်မှ ပါမောက္ခဆူရီကုမာန်ဗလာဆူဗာရာမင်က ပြောကြားသည်။ ကမ္ဘာကြီးပူနွေးလာသည် နှင့်အမျှ ဆန်စပါးသီးနှံများသည် အပူချိန်မြင့်မားမှုဒဏ်ကို ခံနေရပြီး အပူချိန်မြင့်မားမှုကြောင့် အထွက်နှုန်းလျော့ကျလာကြောင်း ၎င်းကပြောကြားသည်။
၎င်းစီမံချက်အရ မိမိတို့အနေဖြင့် ဆန်စပါးသီးနှံအတွင်းရှိ မည်သည့်ဒြပ်စင်များသည် အပူဒဏ်ကိုခံနိုင်ရည်ရှိကြောင်းနှင့် ၎င်းဒြပ်စင်များကို မည်သို့အသုံးချရမည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း မိုနတ်တက္ကသိုလ် ဇီဝသိပ္ပံပညာကျောင်းမှ တာဝန်ရှိသူ ဆရီဒေဗီဆူရတ် ကုမာက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


