မုဒုံ မတ် ၂
မွန်ပြည်နယ် မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကလေး စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို (တပေါင်းလပြည့်နေ့) ယနေ့နံနက် ၉ နာရီက ကန်ကလေးကန်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ လှေလှော်ပြိုင်ပွဲတွင် မြို့ပေါ် လှေလှော်အသင်း ရှစ်သင်း၊ ကျေးရွာလှေလှော်အသင်း သုံးသင်း စုစုပေါင်းလှေလှော်အသင်း ၁၁ သင်းက ပါဝင်ယှဉ်ပြိုင် လှော်ခတ်သွားမည်ဖြစ်ပြီး ပထမပွဲစဉ်အဖြစ် ချစ်ရေလှိုင်း လှေလှော်အသင်းနှင့် နိုင်ပန်းအောင် လှေလှော်အသင်းတို့ ယှဉ်ပြိုင်ကြသည်။ ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို ညနေပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မြို့ပေါ်အသင်းများအား ပထမဆု ငွေကျပ် ခုနစ်သိန်း၊ ဒုတိယငွေကျပ် ငါးသိန်း၊ တတိယဆု ငွေကျပ် သုံးသိန်း၊ စတုတ္ထဆု ငွေကျပ် နှစ်သိန်း၊ ကျေးရွာအသင်းများအား ပထမဆု ငွေကျပ်လေးသိန်း၊ ဒုတိယဆု ငွေကျပ် နှစ်သိန်းငါးသောင်း၊ တတိယဆု ငွေကျပ် တစ်သိန်းငါးသောင်းနှင့် တံခွန်စိုက်ဒိုင်းဆုများ၊ အထူးဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။
ရာမည(ပြန်/ဆက်)


