ဘားအံ မတ် ၂

 

ပြည်နယ်အတွင်းရှိ တောင်သူလယ်သမား ဦးကြီးများ၏ စွမ်းဆောင်မှုကို ဂုဏ်ပြုမြှင့်တင်ပေးသောအားဖြင့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဖတ်ကြား

ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦးက ဖတ်ကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သီးနှံစိုက် စွမ်းအားထူးချွန်မြို့နယ်ဆု၊ မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲပုပ်၊ မတ်ပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးထူးချွန်တောင်သူဆုများ၊ ဒေသနွား၊ ဒေသဆိတ်၊ ဥစားကြက်၊ အသားတိုးဝက်၊ အသားတိုးကြက်၊ ဥစားဘဲ၊ ငါးမွေးမြူရေး ထူးချွန်တောင်သူများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ကြပြီး ဆုရတောင်သူများကိုယ်စား တောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသော တောင်သူ ဦးကြီးများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ခင်းကျင်းပြသ ရောင်းချလျက်ရှိသော စက်မှုလယ်ယာဦးစီးဌာန၏ လယ်ယာသုံး စက်ကိရိယာ အရောင်းပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့၏ တောင်သူအသိပညာပေး ပြခန်းများ၊ ဒေသထွက် သဘာဝမြေဩဇာ အရောင်းပြခန်းများ၊ ကရင်ပြည်နယ် ဆီကုန်သည်များအသင်း၊ ဆန်ကုန်သည်များအသင်းတို့၏ အရောင်းပြခန်းများ၊ စိုက်ပျိုး မွေးမြူရေးထုတ်ကုန် ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် နို့အရောင်းပြခန်းများ၊ ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)