မကွေး မတ် ၂
မကွေးမြို့နယ်အတွင်းရှိ မိဘပြည်သူများ၊ သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များနှင့် ကျောင်းသား ကျောင်းသူများ မီးဘေးလုံခြုံရေးနှင့် အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက မကွေးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်း ကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများ ကျိုးကျနေခြင်း၊ ဆားဗစ်ကြိုးများ လျော့ကျနေခြင်း၊ ပြတ်ကျခြင်းများဖြစ်ပါက ကိုင်တွယ်ခြင်းမပြုရန်၊ ဓာတ်လိုက်နေသူများကိုတွေ့ရှိပါက လက်နှင့် မဆွဲရန်၊ ရေစိုလက်၊ ရေစိုဖိနပ်စီး၍ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးမပြုရန်၊ ပျက်စီးနေသော မီးပလတ်၊ ဆော့ကက်များကို မသုံးစွဲရန်နှင့် အန္တရာယ်ရှောင်ရှားနိုင်ရန်တို့ကို အသိပညာပေး ဟောပြောသည်။
အသိပညာပေး ဟောပြောပွဲသို့ မကွေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ပြီး လျှပ်စစ်အန္တရာယ် ကင်းဝေးရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် စတစ်ကာများကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)


