မတ် ၃

အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရပ်ရှထရာပြည်နယ်ရှိ စက်မှုလုပ်ငန်းသုံးပေါက်ကွဲစေတတ်သော ပစ္စည်းထုတ်လုပ်သည့် စက်ရုံတစ်ခုအတွင်း ကြီးမားသောပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၉ ဦးအထိ ရှိလာကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။

အဆိုပ်ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိသူ ၂၃ ဦးသည် ဆေးရုံအသီးသီးတွင် ကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

SBL စွမ်းအင်လီမိတက်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် မဟာရပ်ရှထရာပြည်နယ်၏မြို့တော် မွမ်ဘိုင်းမြို့၏ အရှေ့မြောက်ဘက် ၇၉၁ ကီလိုမီတာခန့်အကွာ နာ့ဂ်ပူရ်ခရိုင်ရှိ ရာအူလ်ဂေါင် ကျေးရွာတွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေသန္တရအစိုးရက ထိုမတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။

ရဲတပ်ဖွဲ့သည် SBL စွမ်းအင်လီမိတက်၏ ဒါရိုက်တာ ကိုးဦးကို ဖမ်းဆီးထားပြီး ယင်းအမှုတွင် ကျန်ရှိနေသော တရားခံများကို ဖမ်းဆီးရန် လုပ်ဆောင်လျက်ရှိသည်။

ဒေသန္တရအစိုးရဝန်ကြီး ချန်ဒရာရှီခါ ဘာဝမ်ကူလီက SBL စွမ်းအင်လီမိတက်၏ ပေါ့လျော့မှုနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများထုတ်လုပ်သူက ဘေးကင်းရေးအစီအမံများကို လိုက်နာမှုမရှိကြောင်း မီဒီယာများအား ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို