ကျိုက်ထို မတ် ၃
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင်တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့မှစ၍ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ကျင်းပရာ အများပြည်သူအလုပ်ပိတ်ရက်များဖြစ်သည့် တပေါင်းလပြည့်ရုံးပိတ်ရက်တွင် ပြည်တွင်း၊ ပြည်ပမှ ဘုရားလာရောက်ဖူးမြော်ကြသူ ၂၈၀၀၀ ကျော် ရှိကြောင်း သိရသည်။
ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသည့်ပြည်သူများ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်တက်မော်တော်ယာဉ် ၁၅၂ စီးကို နေ့စဉ်ပြေးဆွဲပေးနေပြီး သတ်မှတ်လူဦးရေနှင့် ယာဉ်စီးနင်းခများကိုလည်း သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားသည်။
ဘုရားဖူးပြည်သူများ စည်ကားများပြားသည့်အတွက် ကျိုက်ထီးရိုးတောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ် လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီး စေတီတော်၊ ရေတံခွန် စသည့် နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရ အရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားနေသည့်အပြင် အခမဲ့နှင့် အခပေးတည်းခိုဆောင်များနှင့် ရင်ပြင်တော်၌လည်း တည်းခိုနေထိုင်သူများ များပြားလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)


