ပေကျင်း မတ် ၃
တရုတ်နိုင်ငံ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသတွင် ယခုနှစ်အတွင်း မြန်နှုန်းမြင့်ရထားလမ်း ပိုင်းငါးခုကို ဖွင့်လှစ်ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။
ယခုနှစ်၌ ဒေသတွင်း ရထားပြေးဆွဲမှုလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ယွမ် ဘီလီယံ ၁၃၀ ကျော်ရှိလာမည်ဟု ခန့်မှန်းချက်များထွက်ရှိလာပြီး ယခုကဲ့သို့ မြန်နှုန်းမြင့် ရထားလမ်းပိုင်းများကို ဖွင့်လှစ်ပြေးဆွဲရေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း ရထားပြေးဆွဲမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် ယခုနှစ် အပါအဝင် ခုနစ်နှစ်ဆက်တိုက် ယွမ် ၁၀၀ ဘီလီယံကျော်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ ရထားပို့ဆောင်ရေး ရှန်ဟိုင်းကုမ္ပဏီက ပြောကြားသည်။
ယခုနှစ်တွင် ဆောင်ရွက်သည့် ရထားလမ်းစီမံကိန်း ငါးခုအနက် Jinhua-Jiande မြန်နှုန်းမြင့် ရထားလမ်း၏ အပိုင်းတစ်ပိုင်းသည် ဖေဖော်ဝါရီလက ဖွင့်လှစ်ခဲ့ပြီး Huaibei-Bengbu ရထား လမ်းအပါအဝင် အခြားလိုင်း လေးခုကို ယခုနှစ်နှောင်းပိုင်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။
၂၀၂၅ ခုနှစ်ကုန်တွင် ဒေသတွင်း လည်ပတ်နေသော ရထားလမ်းများ၏ စုစုပေါင်းအရှည်မှာ ကီလို မီတာ ၁၅၄၀၀ ကျော်ရှိပြီး မြန်နှုန်းမြင့်ရထားလမ်းပိုင်းသည် ကီလို မီတာ ၈၁၀၀ ကျော်ရှိသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


