ဟနွိုင်း မတ် ၃
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခ၏ အကျိုးသက်ရောက်မှုများအရ အာရှဒေသနှင့် ဥရောပဒေသများကြား ပြေးဆွဲနေသည့် လေကြောင်းလိုင်းများ၏ လက်မှတ်ခများ မြင့်တက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အာရှနှင့် ဥရောပဒေသကြား ပြေးဆွဲနေသည့် လေကြောင်းလိုင်းများသည် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများဖြစ်သည့် ဆော်ဒီအာရေးဗျနှင့် အိုမန်နိုင်ငံသို့ ရောက်ရှိရန်အတွက် ပိတ်ပင်ထားသည့် အရှေ့အလယ်ပိုင်းဒေသ လေပိုင်နက်များကို ရှောင်ရှား၍ ပြေးဆွဲနေသည်။ အကယ်၍ ဥရောပဒေသ သို့ ပြေးဆွဲရသည့် ကုန်ကျစရိတ်များပါက အမြတ်ငွေကို ထိခိုက်နိုင်ကြောင်း အာရှ-ပစိဖိတ် လေကြောင်းလိုင်းများ အဖွဲ့အစည်းမှ တာဝန်ရှိသူ ဆက်ဟက်မီနွန်က ပြောကြားသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံမှ ဥရောပဒေသသို့ ပြေးဆွဲနေသည့် လေကြောင်းလိုင်းများတွင် နေရပ်ပြန်ရန်အတွက် လက်မှတ်ကြိုတင်ဝယ်ယူမှုများများပြားနေကြောင်း ထိုင်းနိုင်ငံပို့ဆောင်ရေးဝန်ကြီး Phiphat Ratchakitprakarn က ပြောကြားသည်။
ဒူဘိုင်းရှိ ဟိုတယ်များကိုလည်း ၎င်းပဋိပက္ခကြောင့် လေကြောင်းပြေးဆွဲမှုများရပ်နားမှုအရ နေရပ်သို့မပြန်နိုင်သည့် နိုင်ငံတကာခရီးသွားများကို လက်ခံထားရှိရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။ နိုင်ငံအတွင်းသောင်တင်နေသည့် ခရီးသွား ၂၀၀၀၀ ၏ နေထိုင်စားသောက်မှု ကုန်ကျစရိတ် များကို ကျခံမည်ဖြစ်ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးတာဝန်ရှိသူများက ပြောကြားသည်။
အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသရှိ နိုင်ငံများသို့ပြေးဆွဲမည့် လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းထားကြောင်း တူကီယဲနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး Abdulkadir Uraloglu က ကြေညာခဲ့သည်။
တူကီယဲမှ အီရန်၊ အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်နှင့် ဂျော်ဒန်သို့ ပြေးဆွဲမည့် လေယာဉ်ခရီးစဉ် အားလုံးကို မတ် ၆ ရက်အထိ ရပ်ဆိုင်းထားကြောင်းနှင့် ကာတာ၊ ကူဝိတ်၊ ဘာရိန်းနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ လေယာဉ်ခရီးစဉ်များကိုလည်း မတ် ၃ ရက်အထိ ရပ်နားထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား - VN Express
ဘာသာပြန် - စိုးသူရ


