ထားဝယ်      မတ်      ၃

တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများဆင်းပွဲကို ယနေ့နံနက်  ၉ နာရီက  ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အားကစားနှင့် ကာယပညာဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို  နိုင်ငံတော်ကချမှတ်ပေးထားသည့် အားကစားနှင့် ကာယပညာဆိုင်ရာ မူဝါဒများနှင့်အညီ အားကစားလုပ်ငန်းများကို တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားသမားမျိုးဆက်သစ်များ စဉ်ဆက်မပြတ်မွေးထုတ်လေ့ကျင့်ပေးခြင်းသည်   လုပ်ငန်းတစ်ရပ်အနေဖြင့် ပါဝင်လျက်ရှိကြောင်း၊    ဒေသတစ်ခု၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်  အခြေခံကျသော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာရေးသည် အရေးပါလှကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းဆင်းသွားပြီးပါက သင်ကြားပေးလိုက်သော အားကစားနည်းစနစ်များကို မေ့ပျောက်မသွားစေရန် ဆက်လက်လေ့ကျင့်ကစားနေကြရန် လိုအပ်ကြောင်း၊ “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှအောင်ပွဲဆင် ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အမြဲမပြတ်ကြိုးပမ်း လုပ်ဆောင်နေကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းကျင်းပမည့် ကျောင်းသားအားကစားပြိုင်ပွဲများ၊ မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ကျောင်းကိုယ်စားပြု၊ မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် ထူးချွန်သောအားကစားသမားများ ဖြစ်လာနိုင်ကြောင်း၊   သင်တန်းသား များအနေဖြင့်   မိမိ၏ အားကစားနည်းများကို တိုးတက်လာအောင်ဆက်လက်လေ့ကျင့်အားထုတ်သွားကြရန်၊  နည်းပြ ဆရာများအနေဖြင့် သင်တန်းသားများကိုအဆင့်မြင့် အားကစားနည်းများ တတ်ကျွမ်းလာအောင် ဆက်လက်သင်ကြားပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက  သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးပြီး သင်တန်းဆင်းအားကစားအဖွဲ့များ၏ မြန်မာ့သိုင်း၊ ဂျူဒို၊ လက်ဝှေ့၊ ခရစ်ကက် ၊ တိုက်ကွမ်ဒို ၊ ဘတ်စကက်ဘော၊ Fitness Dance၊ ဘင်ခရာ စသည့်သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။   

တိုင်းဒေသကြီး(ပြန်/ဆက်)