ပါရီ  မတ်  ၃

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က မြင့်တက်လာသည့် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံ၏ နျူကလီးယားထိပ်ဖူးအရေအတွက်ကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မက်ခရွန်သည် ပြင်သစ်ရေတပ်၏ နျူကလီးယားရေငုပ်သင်္ဘောအခြေစိုက်စခန်းတွင်   နျူကလီးယားဗဟာဗျူဟာအကြောင်းနှင့် ပတ်သက်ပြီး  မတ်  ၂  ရက်က မိန့်ခွန်းပြောကြားခဲ့ရာ၌ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ မြင့်တက်လာနေသည်ဟုဆိုကာ နျူကလီးယားထိပ်ဖူးအရေအတွက် တိုးမြှင့်သွားမည့် ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့၏ ဆန်းစစ်ချက်အရ  ပြင်သစ်နိုင်ငံသည်   ၂၀၂၅  ခုနှစ်တွင်   သိုလှောင်သိမ်းဆည်းထားသည့်   နျူကလီးယားထိပ်ဖူးပေါင်း  ၂၉၀  ရှိကြောင်း၊ အဆိုပါအရေအတွက်မှာ  ယင်းနှစ်အတွင်း  ကမ္ဘာပေါ်တွင် စတုတ္ထမြောက်   အများဆုံးပမာဏဖြစ်ကြောင်း သိရသည်။  မက်ခရွန်သည် ပြင်သစ်နိုင်ငံတွင်  နျူကလီးယားထိပ်ဖူးမည်မျှရှိကြောင်းနှင့်   မည်မျှထပ်မံတိုးမြှင့်သွားမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။                                                              

အင်န်အိတ်ချ်ကေ