ဗီယင်ကျန်း မတ် ၄
လာအိုကျန်းမာရေးဝန်ကြီးဌာနက ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ လာအိုနိုင်ငံတစ်ဝန်းရှိ ကလေးများအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေးအစီအစဉ်ကို ယမန်နေ့တွင် စတင်သည်။
အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးမှုအစီအစဉ်သည် ကလေးများအားလုံး ပိုလီယိုရောဂါမှ ကာကွယ်ရန်နှင့် အမျိုးသားကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို အားကောင်းလာစေရန် လာအိုနိုင်ငံ၏ ကတိကဝတ်ကို အလေးပေးဖော်ပြသည်။ ဝေးလံခေါင်သီပြီး ချို့တဲ့သောရပ်ရွာများမှ ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေးရန်အတွက် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။
လာအိုနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ပိုလီယိုနှင့် ဝက်သက်ရောဂါဖြစ်ပွားမှုများကို မှတ်တမ်းတင်ခဲ့ကြောင်း လာအိုကျန်းမာရေး ဒုတိယဝန်ကြီး ဖေဗန်ကီယို ပါဆက်က မှတ်ချက်ပြုပြောကြားခဲ့သည်။
ထို့ပြင် ကလေးများအားလုံးအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အစိုးရ၏ ကတိကဝတ်ကို အလေးပေးပြောကြားခဲ့ပြီး အဆိုပါလှုပ်ရှားမှုသည် ရပ်ရွာလူထုများ၊ ဒေသဆိုင်ရာအာဏာပိုင်များနှင့် မိဘများ တက်ကြွစွာပူးပေါင်းပါဝင်မှုရရှိစေရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်းလည်း လာအိုကျန်းမာရေး ဒုတိယဝန်ကြီး ဖေဗန်ကီယိုပါဆက်က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


