ဗန်ကောက် မတ် ၄

 

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုတ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Chatuchak နယ်မြေ၌ ဆောက်လုပ်ဆဲ အစိုးရစာရင်းစစ်ရုံး အဆောက်အအုံ ပြိုကျပျက်စီးမှုဖြစ်စဉ်အတွင်း သေဆုံး / ပျောက်ဆုံးသူများ၏ မိသားစုဝင်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ငွေ ပေးအပ်ပွဲကို မတ်၂ ရက်နံနက်ပိုင်းက ဗန်ကောက် မြို့ တော်ဝင်နာယကအောက်ရှိ ထိုင်းရှေ့နေများ ကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဘတ်တစ်သန်းစီပေးအပ်

 

အခမ်းအနားတွင် ငလျင်ကြောင့် ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျပျက်စီးမှု ဖြစ်စဉ်အတွင်း သေဆုံးသူနှင့် ပျောက်ဆုံးသူ စုစုပေါင်း ၁၃ ဦး (မြန်မာ ၁၂ ဦး နှင့် ထိုင်းတစ်ဦး) တို့၏ မိသားစုဝင်များအား ITD-CREC ဖက်စပ်လုပ်ငန်းစုက ထောက်ပံ့ငွေ ဘတ် တစ်သန်းစီ ပေးအပ်သည်။

 

ယခုကျင်းပသည့် ထောက်ပံ့ငွေပေးအပ်ပွဲသည် ဖြစ်စဉ်အတွင်း သေဆုံး/ ဒဏ်ရာရ/ ပျောက်ဆုံးသူများအနက် စတုတ္ထအကြိမ်မြောက် စိစစ်အတည်ပြုပြီးသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ပြီး ယခင်ကလည်း စိစစ်အတည်ပြုမှု သုံးကြိမ်အတွင်း ဒဏ်ရာရသူ မြန်မာအလုပ်သမားခုနစ်ဦးနှင့် သေဆုံးသူ ၁၅ ဦးတို့ကို ITD-CREC ဖက်စပ်လုပ်ငန်းစုက ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီးဖြစ်သည်။

 

အခမ်းအနားတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးဇော်ဇော်စိုးက ဖြစ်စဉ်အတွင်း အသက် ဆုံးရှုံးခဲ့ကြသူများ၏ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြောင်းနှင့် နှစ်သိမ့်စကားများ ပြောကြားသည်။

 

ငလျင်ကြောင့် အဆောက်အအုံပြိုကျမှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများအား နစ်နာကြေးပေးအပ်ရန် ထိုင်းရှေ့နေများကောင်စီ၏ သဘောတူညီချက်ဖြင့် ကော်မတီတစ်ရပ်ထူထောင်ခဲ့ပြီး ယင်းကော်မတီ၏ စိစစ်အတည်ပြုချက်အရ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ရာ လက်ရှိ အချိန်အထိ လေးကြိမ်စိစစ်မှုအတွင်း သေဆုံးသူ မြန်မာအလုပ်သမား ၂၇ ဦးနှင့် ဒဏ်ရာရသူ ခုနစ်ဦး ပေါင်း ၃၄ ဦးတို့အတွက် သေဆုံးသူတစ်ဦး လျှင် ဘတ်တစ်သန်းစီနှင့် ဒဏ်ရာရသူတစ်ဦးလျှင် ဘတ်နှစ်သိန်းစီဖြင့် စုစုပေါင်းထောက်ပံ့ငွေ ဘတ် ၂၈ သန်း ၄ သိန်း ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်