ဗီယင်ကျန်း မတ် ၄

အရှေ့အလယ်ပိုင်းမတည်ငြိမ်မှုများက    ကမ္ဘာ့လောင်စာဆီဈေးကွက်ကို    ရိုက်ခတ်လျက်ရှိသော်လည်း နိုင်ငံတစ်ဝန်း စက်သုံးဆီဖြန့်ဖြူးမှု စိုးရိမ်စရာမရှိဘဲ လုံလောက်သည့်ပမာဏရှိပြီး တည်ငြိမ်လျက်ရှိကြောင်း လာအိုအစိုးရက ပြည်သူများကို အသိပေးခဲ့သည်။ နှောင့်ယှက်ဟန့်တားမှုမရှိဘဲ စက်သုံးဆီတင်သွင်းမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းနှင့် လက်ရှိပြည်တွင်း အရန်စက်သုံးဆီပမာဏသည် လက်ရှိလိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ကြောင်း လာအိုစက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ်  ၂ ရက်က ထုတ်ပြန်ဖော်ပြခဲ့သည်။

ပြည်တွင်းစတော့ဈေးကွက်အဆင့်များနှင့် ကမ္ဘာ့ဈေးကွက်အလားအလာကို အနီးကပ်စောင့်ကြည့်နေချိန်တွင် စက်သုံးဆီသယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးချောမွေ့စေရန် လာအိုအစိုးရက စက်သုံးဆီတင်သွင်းသူများနှင့်သာမက စက်သုံးဆီဖြန့်ဝေသူများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။ သို့သော် လိုအပ်မှသာ မော်တော်ယာဉ်များကို အသုံးပြုရန်နှင့်  စက်သုံးဆီကို  မျှမျှတတထောက်ပံ့ပေးနိုင်ရန် အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဉ်ရန် တာဝန်ရှိသူများက ပြည်သူများကို တိုက်တွန်းထားသည်။

ထိတ်လန့်တကြား စုပြုံဝယ်ယူခြင်းမှ ကာကွယ်ရန်ဝန်ကြီးဌာနက ငါးလီတာထက်ကျော်လွန် ရောင်းချခြင်းများကို  တားမြစ်ထားသည်။ ဖြစ်ပေါ်လာနိုင်သော စိန်ခေါ်မှုများကို ဆွေးနွေးအဖြေရှာရာတွင် နိုင်ငံ့စက်သုံးဆီလုံလောက်ရန်   လိုအပ်သောနည်းလမ်းများကို ချမှတ်လုပ်ဆောင်ခဲ့ကြသည်။  

ဆင်ဟွာ