မတ် ၄

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းရှိ သတ္တုတွင်းပြိုကျမှုတွင် မတ်လ ၃ ရက်က သေဆုံးသူပေါင်း ၂၀၀ ကျော်ရှိကြောင်း ဒီအာစီအစိုးရက ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါမတော်တဆမှုသည် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြောက်ကီဗူးပြည်နယ်ရှိ ကိုလ်တန်အရင်းအမြစ်များဟု လူသိများသော ရူဘာယာသတ္တုတွင်းနေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အသက်မပြည့်သေးသူ ၇၀ ခန့်အပါအဝင် လူပေါင်း ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်းနှင့် ရူဘာယာသတ္တုတွင်းဇုန်သည် ၂၀၂၄ ခုနှစ်မှစတင်ကာ မတ်လ ၂၃ ရက်လှုပ်ရှားမှု (M23) သူပုန်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အထူးခက်ခဲစေခဲ့သည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ထိုဝန်ကြီးဌာနက သတ္တုတွင်းဇုန်ကို နိုဝင်ဘာလမှစ၍ အနီရောင်ဇုန် အဖြစ် ပြန်လည်သတ်မှတ်ခဲ့ပြီး သတ္တုတူးဖော်ရေးနှင့် သတ္တုရောင်းဝယ်မှုကို တရားဝင်တားမြစ်သည့် သတ်မှတ်မှုတစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ကာဆာဆာဟုလူသိများသော တောင်ပေါ်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူအများအပြားသေဆုံးခဲ့သည်ဟု ရူဘာယာတွင် နေထိုင်သူ လက်မှုသတ္တုတွင်းလုပ်သား David Kasereka က ပြောကြားခဲ့သည်။

ဇန်နဝါရီလတွင် ရူဘာယာရှိ သတ္တုတွင်းများတွင် တွင်းငယ်များစွာ ပြိုကျပြီးနောက် လူ ၂၀၀ ထက်မနည်း သေဆုံးခဲ့သည်။ ဒေသခံမီဒီယာများက သေဆုံးသူဦးရေသည် ပျောက်ဆုံးနေသူများအပါအဝင် ၄၀၀ ကျော် ရှိနိုင်ကြောင်း ဖော်ပြခဲ့သည်။

Coltan (columbite-tantalite) သည် အဆင့်မြင့် အီလက်ထရွန်းနစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသော ရှားပါး သတ္တုတစ်မျိုးဖြစ်သည့် tantalum ကို ရရှိစေသော အဓိက သတ္တုရင်းမြစ်ဖြစ်သည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ရူဘာယာ သတ္တုတွင်း တစ်ခုတည်းမှပင် ကမ္ဘာလုံးဆိုင်ရာ tantalum ထောက်ပံ့မှု၏ ခန့်မှန်းခြေအားဖြင့် ၁၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို