မတ် ၅
တောင်ကိုရီးယားနိုင်ငံတွင် အွန်လိုင်းမှ ကားများ ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့် အွန်လိုင်းစျေးဝယ်မှုသည် ဇန်နဝါရီလတွင် ဂဏန်းတစ်လုံး မြင့်တက်လာခဲ့သည်ဟု ယနေ့တွင် စာရင်းအင်းဝန်ကြီးဌာန၏ အချက်အလက်များကဖော်ပြထားသည်။
ဒေတာနှင့် စာရင်းအင်းဝန်ကြီးဌာန၏ပြောကြားချက်အရ ဆိုက်ဘာနယ်ပယ်တွင် စျေးဝယ်မှုသည် ဇန်နဝါရီလတွင် ဝမ် ၂၄ ဒသမ ၁၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၆.၄ ဘီလီယံ) ရှိခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၈ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု သိရသည်။
အဆိုပါ တိုးတက်မှုသည် အမေရိကန် ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla ၏ မော်ဒယ်ကားများကို အွန်လိုင်းမှ ဝယ်ယူမှုများပိုမိုတိုးလာခြင်းကြောင့်ဖြစ်ပြီး ဖော်ပြထားသောလအတွင်း ကားများနှင့် ကားအသုံးအဆောင် ပစ္စည်းများ၏ အွန်လိုင်းရောင်းအားသည် ၆၈ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့သည်ဟု ဖော်ပြထားသည်။
ကွန်ပျူတာများ၊ နေ့စဉ်လိုအပ်သောပစ္စည်းများ၊ အလှကုန်များနှင့် ဖိနပ်များ၏ အွန်လိုင်းအရောင်းသည် ဂဏန်းနှစ်လုံးမြင့်တက်လာခဲ့ပြီး အစားအသောက်နှင့် အဖျော်ယမကာ၊ အဝတ်အစား၊ အိမ်သုံးပစ္စည်းများ၊ မိုဘိုင်းဖုန်းကိရိယာများနှင့် ပရိဘောဂများသည် ဂဏန်းတစ်လုံး မြင့်တက်လာခဲ့သည်ဟု သိရသည်။
ယဉ်ကျေးမှုနှင့် အပန်းဖြေဝန်ဆောင်မှုများအတွက် အွန်လိုင်းမှ ၀ယ်လိုအား ၂၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအတွက် ၀ယ်လိုအား ၈ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် အခြားမိုဘိုင်းပစ္စည်းများမှတစ်ဆင့် ဈေးဝယ်ခြင်းသည် ဇန်နဝါရီလတွင် တစ်နှစ်ထက်တစ်နှစ် ၈ ဒသမ သုည ရာခိုင်နှုန်း မြင့်တက်လာပြီး ဝမ် ၁၈ ဒသမ ၈၆ ထရီလီယံ (ဒေါ်လာ ၁၂ ဒသမ ၉ ဘီလီယံ) ရှိကာ အွန်လိုင်းဈေးဝယ်မှု စုစုပေါင်း၏ ၇၈ ဒသမ ၂ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


