အစ္စလာမ္မာဘတ်   မတ်   ၅

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်၌ လေးနှစ်အရွယ်ကလေးငယ်တစ်ဦးတွင် ပိုလီယိုရောဂါဖြစ်ပွားလျက်ရှိကြောင်း ယနေ့စစ်ဆေးတွေ့ရှိ သည်။

အဆိုပါရောဂါတွေ့ရှိမှုကို ယခုနှစ်အတွင်း ပထမဆုံးသော ပိုလီယိုရောဂါဖြစ်ပွားမှုအဖြစ် အတည်ပြုခဲ့ကြောင်း နိုင်ငံ၏ ပိုလီယိုတိုက်ဖျက်ရေးအာဏာ ပိုင်များက ယနေ့ ပြောကြားသည်။

လေးနှစ်အရွယ်ကလေးငယ်တစ်ဦးကို စစ်ဆေးကြည့်ရာ တောရိုင်းပိုလီယိုရောဂါဖြစ်ပွားနေကြောင်း ပိုလီယိုရောဂါတိုက်ဖျက်ရေး  အမျိုးသားအရေးပေါ်စစ်ဆင်ရေးစင်တာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံသည် ကမ္ဘာပေါ်တွင် တောရိုင်းပိုလီယိုဗိုင်းရပ်စ်ပိုးဖြစ်ပွားဆဲ နိုင်ငံအနည်းငယ်အနက် တစ်နိုင်ငံအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

သို့သော် စဉ်ဆက်မပြတ် ကာကွယ်ဆေးတိုက်ကျွေးမှုအစီအမံများကြောင့် ရောဂါကို အမြစ်ပြတ်ချေမှုန်းရန် နီးကပ်နေပြီဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောကြားသည်။

၂၀၂၆ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံက နိုင်ငံတစ်ဝန်း ပိုလီယိုရောဂါတိုက်ဖျက်ရေးလှုပ်ရှားမှုအဖြစ် ကလေး ၄၅ သန်း ကျော်ကို ကာကွယ်ဆေးတိုက်ကျွေးခဲ့ပြီး လာမည့်ဧပြီလတွင်လည်း ကာကွယ်ဆေးတိုက်ကျွေးမှု အမျိုးသားလှုပ်ရှားမှုကို ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်