နေပြည်တော် ဖေဖော်ဝါရီ ၁

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နေ မ----၊ (၂၀)နှစ်နှင့် (လိပ်စာတူ) နေသူတို့ (၂) ဦးသည် ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားအနောက်ဘက်ရှိ ဒေါ်ရှင်းထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေစဉ် ထမင်းဆိုင်ပိုင်ရှင်နှင့် ရန်ဖြစ်ခဲ့၍ ကြိုတင်ထုတ်ယူထားသော ငွေကျပ်နှစ်သိန်းအား ထမင်းဆိုင် ပိုင်ရှင်က ပြန်လည်တောင်းခဲ့ရာ ပြန်ပေးစရာငွေမရှိသဖြင့် အခက်အခဲဖြစ်နေစဉ် Tik Tok @funny 2023831 Funny ri အမည်ရှိ အကောင့်တစ်ခုမှ တရုတ်မိန်းမလုပ်ချင်သူများ တင်တောင်းငွေကျပ်သိန်း ၈၀ ကျော်နှင့် လစဉ်ငွေကျပ်သိန်း ၃၀ ကျော်ဖြင့် ခေါ်ယူနေကြောင်း ရေးသားထားသည်ကို တွေ့ရှိသဖြင့် ဆက်သွယ်ခဲ့ရာ တရုတ်နိုင်ငံတွင် နေထိုင်ရမည်၊ လမ်းစရိတ် စိုက်ထုတ်ခေါ်ပေးမည်၊ တရုတ်အမျိုးသားနှင့် ဆက်လက်ပေါင်းသင်းလိုခြင်းမရှိဘဲ အခြားတရုတ် အမျိုးသားနှင့် ထပ်မံ ပေါင်းသင်းပါက ငွေကျပ်သိန်း ၁၈၀ ထပ်မံရရှိမည်ဟု ပြောဆိုခဲ့ကြောင်း။

 

၎င်းတို့လုပ်ကိုင်နေသည့် ထမင်းဆိုင်သို့ အကောင့်ပိုင်ရှင် မထက်ထက် စေလွှတ်လိုက်သည့် မသန္တာလွင်ဆိုသူ ရောက်ရှိလာပြီး ကြိုတင်ထုတ်ယူထားသော ငွေကျပ်နှစ်သိန်းအား ထမင်းဆိုင်ပိုင်ရှင်ထံပေးခဲ့ကာ ၎င်းတို့အား ခေါ်ဆောင်သွားခဲ့ကြောင်း၊ မသန္တာလွင်မှ ၎င်းတို့အား မန္တလေးမြို့သို့  ခေါ်ဆောင်သွားခဲ့ပြီး မြန်မာသန်းဝေဟိုတယ်တွင် တည်းခိုခဲ့ကြကြောင်း၊ မသန္တာလွင်မှ ၎င်းတို့ နှစ်ဦးအား အကြည်တော်ဟိုတယ်သို့ ထပ်မံခေါ်ဆောင်သွားခဲ့ပြီး ဒေါ်လဖိုင်ချိန်ဘူနှင့် တွေ့ဆုံပေးခဲ့ရာ ဒေါ်လဖိုင်ချိန်ဘူမှ မန္တလေး-လားရှိုး-မူဆယ် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ သွားရောက်ရမည်ဟု ပြောဆိုခဲ့ကြောင်း၊ မသန္တာလွင်မှ ၎င်းတို့အား ပြင်ဦးလွင်မြို့မှ လားရှိုးမြို့သို့ ပို့ဆောင်ခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး) က တရားလိုပြုလုပ်၍ ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်နယ်မြေရဲစခန်း (ပ)၅၄/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်တရားစွဲတင်ပို့ခဲ့ရာ ပြင်ဦးလွင်ခရိုင် တရားရုံးမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် တရားခံ မသန္တာလွင်အား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံ ဒေါ်လဖိုင်ချိန်ဘူနှင့် မထက်ထက်တို့နှစ်ဦးအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/ ၅၁၂ အရ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်