နေပြည်တော် ဖေဖော်ဝါရီ ၆

 

အတင်းအဓမ္မအကြမ်းဖက်၍ ငါးဖမ်းကျားဖောင်ပေါ်သို့ ပို့ဆောင်ခဲ့ပြီး လုပ်အားခငွေများ ခေါင်းပုံဖြတ် ရယူသူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဒင်းဆမ်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသော ဦး-----၊ ၃၉ နှစ်သည် ဖျာပုံမြို့နယ် နောက်မီးကျေးရွာအုပ်စု အရှေ့ဖျားကျေးရွာသို့ သွားရောက်ရန် ထွက်ခွာလာခဲ့ရာ ဖျာပုံမြို့သို့အရောက်တွင် ၁၇ ရပ်ကွက်ရှိ ကိုကဏန်း (ခ) လှစိုး ဖွင့်လှစ်ထားသည့် ဆိုင်တွင် ဘီယာသောက်စားပျော်ပါးခဲ့ရာ ကိုကဏန်း (ခ) လှစိုး၊ အောင်ပိုင်နှင့် မျိုးမင်းအောင်တို့က ဘီယာသောက်စား ပျော်ပါးခအဖြစ် ငွေ ၁၅ သိန်းကျပ်ပေးရမည်။ မပေးနိုင်ပါက ငါးဖမ်းကျားဖောင်တွင် အလုပ်လုပ်ကိုင်ရမည်ဟုပြောဆိုရာ မလုပ်နိုင်ကြောင်းငြင်းဆန်သဖြင့် ဝိုင်းဝန်းထိုးကြိတ်ပြီး ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာရှိ ငါးဖမ်းကျားဖောင်ပေါ်သို့ အဓမ္မပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

ကျားဖောင်ပေါ်တွင် ၇ လခန့် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ခဲ့ရပြီး ရေလုပ်ငန်းရာသီချိန်ပြီးဆုံး၍ ကမ်းပေါ်သို့ ပြန်လည်ရောက်ရှိချိန်တွင် ရေလုပ်ငန်းရှင်က လုပ်အားခများ ရှင်းပေးရာ ကိုကဏန်း (ခ)လှစိုး၊ အောင်ပိုင်နှင့် မျိုးမင်းအောင်တို့က ကြိုတင်ငွေဆယ်သိန်းငါးသောင်းကျပ် ထုတ်ယူ သွားခဲ့သဖြင့် ပိုငွေ တစ်သိန်းလေးသောင်းကျပ်သာပေးခဲ့ကြောင်း စိစစ်သိရှိရသဖြင့် အတင်းအဓမ္မ အကြမ်းဖက်၍ ငါးဖမ်းကျားဖောင် ပေါ်သို့ ပို့ဆောင်ခဲ့ပြီး လုပ်အားခငွေများ ခေါင်းပုံဖြတ် ရယူသွားသော ကိုကဏန်း (ခ) လှစိုး၊ အောင်ပိုင်နှင့် မျိုးမင်းအောင်တို့ကို အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (ဖျာပုံ)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ဖျာပုံမြို့မရဲစခန်း(ပ)၁၀၄/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၆/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် ဖျာပုံခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ကိုကဏန်း (ခ) လှစိုးကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈ (ခ) အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ကျ ခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ အောင်ပိုင်နှင့် မျိုးမင်းအောင်တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်