နေပြည်တော် ဖေဖော်ဝါရီ ၁၂
အမျိုးသမီးကို တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြ သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ အမှတ် (၂) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် Online ကျွဲဂိမ်းကစားခဲ့ရာမှ ငွေကျပ်သိန်း ၃၀ အကြွေးတင်ခဲ့သဖြင့် မိခင်၏နေအိမ်အား ပေါင်နှံ၍ အကြွေး ဆပ်ခဲ့ရာ ခြောက်လကြာချိန်ထိ အကြွေးပြန်မဆပ်နိုင်သေးသဖြင့် နေအိမ်အပေါင်ဆုံးတော့မည်ဖြစ်၍ အလုပ်ရှာဖွေရာ မူဆယ်မြို့တွင်နေထိုင်သည့် မချိုမာစိန် (ခ)မဗိုက်၊ မဇင်နွယ်လတ် (ခ)မဇင်တို့နှင့် ချိတ်ဆက်မိပြီး တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း ၈၀ ရရှိမည်၊ တစ်နှစ် ပေါင်းသင်းနေထိုင်ရမည်ဟု ပြောဆိုစည်းရုံး၍ မူဆယ်မြို့သို့လာရောက်ရန် လမ်းခရီးစရိတ်များ ထုတ်ပေး၍ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့သို့ရောက်သောအခါ ၎င်းအမျိုးသမီးကို ဓာတ်ပုံ/ ဗီဒီယိုများရိုက်ကူး၍ တရုတ်နိုင်ငံ ရွှေလီမြို့ နေ ပွဲစား ဂျာဆိုင် (ခ) ကချင်မထံ ပို့ပေးခဲ့ပြီး မူဆယ်မြို့ ဗဟိုဆေးရုံတွင်ဆေးစစ်ပေးခဲ့ရာ ၎င်းအမျိုးသမီးသည် တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက တရုတ်ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမည်ကို ကြောက်လန့်ကြောင်း မချိုမာစိန် (ခ) မဗိုက် ကိုပြောခဲ့ရာ တရုတ် ယောက်ျား မယူပါက လမ်းခရီးကုန်ကျစရိတ်များ ပြန်လည်ပေးလျော်ရမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ ရွှေလီမြို့နေ ပွဲစား ဂျာဆိုင် (ခ) ကချင်မထံ ပို့ဆောင်ရန်စီစဉ်ပြီးဖြစ်ကြောင်း ပြန်ပြောသဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ Hot Line ဖုန်းနံပါတ်သို့ ဆက်သွယ်အကူအညီ တောင်းခံခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မူဆယ်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မူဆယ်မြို့မရဲစခန်း (ပ)၁၉၂/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ မချိုမာစိန် (ခ) မဗိုက်နှင့် မဇင်နွယ်လတ် (ခ) မဇင်တို့ နှစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဂျာဆိုင် (ခ) ကချင်မကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


