နေပြည်တော် မတ် ၆

အဆင့်မြင့်ပညာကဏ္ဍ အရည်အသွေးမြှင့် စီမံခန့်ခွဲမှုသင်တန်း (၁/၂ဝ၂၆)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ တက်ရောက်ကြ သည်။

 

ကြိုးပမ်းဆောင်ရွက်

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများအားလုံး စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ကြမှသာလျှင် မိမိတို့၏ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ကြောင်း၊ ရည်မှန်းချက်အနေဖြင့် မိမိတက္ကသိုလ်၏ လုပ်ငန်းဆောင်တာများသည် ပထမဦးစားပေးဖြစ်ကြောင်း၊ ဒုတိယဦးစားပေးသည် သင်ရိုးပြင်ပလှုပ်ရှားမှုများဖြစ်ပြီး တတိယဦးစားပေးသည် မိမိတို့၏ အရည်အသွေး ဖွံ့ဖြိုးတိုးတက် ရန်ဖြစ်ကြောင်း၊ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးသည် နံပါတ်တစ်ဖြစ်သည့်အတွက် တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက်ကြ‌စေလိုကြောင်း၊ ဆရာကြီး ဆရာမကြီးများ၏တာဝန်သည် မိမိတက္ကသိုလ် သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းရှိ‌ရေး၊ တက္ကသိုလ်အဆင့်မြင့်မားရေး၊ အရည်အသွေးရှိသည့် သုတေသနများထွက်ရှိ‌ လာ‌စေရေး၊ မိမိတို့ ကျောင်းသားကျောင်းသူများ၏ နောက်ဆုံးနှစ် project based သုတေသနလုပ်‌ ဆောင်မှုများသည် အဆင့်အတန်းမီ စေရေးကို အလေးထားဆောင်ရွက်‌ကြစေလိုကြောင်း၊ တက္ကသိုလ်တစ်ခုနှင့်တစ်ခု သုတေသနများ အပြိုင်အဆိုင် ဆောင်ရွက်ရာတွင် အရေအတွက်ထက် အရည်အသွေးရှိသည့် သုတေသနများ ထွက်ရှိလာ‌စေရေး ကြိုးပမ်းဆောင်ရွက် ကြ‌စေလိုကြောင်း။

 

ယခုဖွင့်လှစ်သည့် သင်တန်းသည် ဆရာကြီး ဆရာမကြီးများအတွက် သိသင့်သိထိုက်သည့် အကြောင်းအရာများကို သင်ကြားပို့ချသွားမည်ဖြစ်ရာ မိမိတို့အတွက် အကျိုးရှိမည့် သင်ခန်းစာများဖြစ်သည့်အတွက် သေသေချာချာ လိုက်နာ မှတ်သားကြ‌စေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က “အဆင့်မြင့်ပညာ၏ အနာဂတ်ကို ဦးဆောင်ပုံဖော်ရာတွင် ဒုတိယ ပါမောက္ခချုပ်များ၏ မဟာဗျူဟာမြောက် အခန်းကဏ္ဍ”ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချရာတွင် ပညာရေးဝန်ကြီးဌာန၏ Vision, Missions၊ ပညာရေး ဥပဒေများနှင့်မူဝါဒများ၊ ဝန်ကြီးဌာန ၁၀ ခုရှိ တက္ကသိုလ်များ၊ တက္ကသိုလ်အင်္ဂါရပ်များ၊ ဆရာဦးရေ၊ ကျောင်းသားဦးရေ၊ ဒုတိယပါမောက္ခချုပ်များ၏ Academic Leadership၊ နိုင်ငံတကာ ပညာရေးစနစ်များမှ သင်ခန်းစာများ၊ အနာဂတ်တက္ကသိုလ်ဖွံ့ဖြိုးရေး မဟာဗျူဟာများ အကြောင်းအရာကို ရှင်းလင်း ဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန်(ငြိမ်း) ဦးခင်မောင်ဝင်းက နိုင်ငံ့ ဝန်ထမ်းဥပဒေအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ကျော်က ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှု ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပို့ချကြသည်။

 

အဆိုပါ အဆင့်မြင့်ပညာကဏ္ဍ အရည်အသွေးမြှင့် စီမံခန့်ခွဲမှုသင်တန်း(၁/၂ဝ၂၆)ကို မတ် ၆ ရက်‌မှ ၁၀ ရက် အထိ ၅ ရက်ကြာ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်